ပထွေး၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရပြီး ကိုယ်ဝန်လွယ်ထားရသည့် ၉ နှစ်သမီးလေး

ဓာတ်ပုံ - CEN/24 horas
ပီရူးနိုင်ငံမှာ ပထွေးဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ၉ နှစ်သမီးလေးဟာ လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်ထားခဲ့ရပြီဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ မိခင်ဖြစ်သူဟာ သူ့ကိုယ်ဝန် ၅ လရှိမှ သိခဲ့တာမို့ ဒါကို ဖျက်ချနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ ကိုယ်ဝန်ကို လွယ်ထားခဲ့ရတာလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ပီရူးနိုင်ငံအလယ်ပိုင်း၊ ကယ်လာအိုခရိုင်ထဲမှ ဗန်တနီလာဒေသတွင်း နေအိမ်မှာ ဖြစ်ခဲ့ပြီး အဲဒီမိန်းကလေးကို ပထွေးဖြစ်သူက နေ့စဉ် ၁၀ ကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့တာပါ။ အစပိုင်းမှာတော့ မိခင်ဖြစ်သူက သတိမထားမိခဲ့ဘဲ သမီးရဲ့ ပူလာတဲ့ဗိုက်ကို ပုဂ္ဂလိက ဆေးခန်းတခုမှာ ပြသရင်း အာထရာဆောင်းရိုက်ချိန်မှာမှ ခုလို အဖြစ်မှန် ပေါ်ပေါက်လာခဲ့တာပါ။ စစ်ဆေးချက်တွေအရ မိန်းကလေးဟာ တခြားမိသားစုဝင်တွေမရှိဘဲ အိမ်မှာရှိနေချိန်မှာ အသက် ၃၀ အရွယ် ပထွေးရဲ့ အဓမ္မပြုကျင့်မှုတွေကို နေ့စဉ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ပထွေးဖြစ်သူဟာ လက်ရှိ နေအိမ်ကနေ တိမ်းရှောင် ထွက်ပြေးသွားခဲ့ပြီး ဘယ်ရောက်နေတယ်ဆိုတာကို မသိကြဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိသားစုဝင်တွေဟာ ခုလိုပြုမူသွားခဲ့တဲ့ ပထွေးဖြစ်သူကို ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်စေလိုပြီး ကလေးမီးဖွားရတော့မယ့် မိန်းကလေးအတွက် ငွေကြေးနဲ့ တခြားထောက်ပံ့ကူညီမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ပီရူးနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီး အန်နာမာရီယာ ချိုကွက်ဟွမ်ကာက အရွယ်မရောက်သေးသူတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးဆိုင်ရာပြစ်မှု ကျူးလွန်ချိုးဖောက်မှုတွေအတွက် လမ်းညွှန်ချက်တွေ ရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ ကိုယ်ဝန်ဆောင် မိန်းကလေးအနေနဲ့ ကလေးမီးဖွားပြီးရင် ဘယ်လိုပြုစု ပျိုးထောင်သွားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

More News
Up