ရုရှားလေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီးရီးယားအရပ်သား အနည်းဆုံး ၅၃ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံမှာ ရုရှားလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၅၃ ဦး သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (အက်စ်အိုအိပ်ခ်ျအာရ်) က ထုတ်ပြန်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းက ဒီရာအယ်လ်ဇောဒေသတွင်းမှ ကျေးရွာတရွာမှာ ဖြစ်ခဲ့ပြီး သေဆုံးမှုမှာ ကလေးငယ် ၂၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီရာအယ်လ်ဇောဒေသဟာ ဆီးရီးယားနိုင်ငံတွင်းမှ အိုင်အက်စ်စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန်နယ်မြေထဲမှာ ပါဝင်နေပြီး ဒီအဖြစ်အပျက်ကြောင့် အသေအပျောက် ပိုမိုများပြားလာနိုင်တယ်လို့ အက်စ်အိုအိပ်ခ်ျအာရ်က ပြောပါတယ်။ “ဗုံးဒဏ်ကြောင့် ပြိုကျသွားခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေကြားမှာ လူသေအလောင်းတွေ ထပ်တွေ့ပြီး သေဆုံးတဲ့သူဦးရေက များလာတယ်” လို့ အဲဒီအဖွဲ့မှ အကြီးအကဲ ရာမီ အတ်ဘ်ဒဲလ် ရာမန်က ပြောလိုက်တာပါ။ ဆီးရီးယားနိုင်ငံတွင်း စစ်ပွဲတွေမှာ ရုရှားနိုင်ငံဟာ ကာလရှည်ကြာ လက်တွဲပါဝင်ခဲ့တဲ့ အစိုးရ မဟာမိတ်တပ် ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေထဲမှာ အုပ်စုပေါင်းစုံ ပါဝင်နေပြီး ရှုပ်ထွေးလွန်းတဲ့ ဆီးရီးယား ပြည်တွင်းစစ်ဟာ အချိန်ခြောက်နှစ်ခွဲကျော် ကြာခဲ့ပြီးဖြစ်ကာ ဒီအတောအတွင်း သေဆုံးသူ ၃ သိန်းခွဲနဲ့  ၅ သိန်းကြား ရှိခဲ့ပြီဖြစ်တယ်လို့ အက်စ်အိုအိပ်ခ်ျအာရ်က ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up