ရွှေမြင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆယ်ကျော်သက်မိန်းကလေး အကောင်းဆုံးဇာတ်ပို့ဆု ဆွတ်ခူး

ဗစ်ကီချန်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
2.3K
တရုတ်တိုင်ပေမှာ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်တဲ့ ရွှေမြင်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ The Bold, the Corrupt and the Beautiful ဇာတ်ကားက ထူးချွန်ဆု ၃ ဆု ဆွတ်ခူးခဲ့ပါတယ်။
အဲဒီဇာတ်ကားမှာ အသက် ၁၄ နှစ်အရွယ် သရုပ်ဆောင် ဗစ်ကီချန်ဟာ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆွတ်ခူးခဲ့ပြီး ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရှင် ဗစ်ကီချန်က “အမှန်အတိုင်းပြောရရင် သမီးကိုယ်သမီး သိပ်ပြီး ဖိအားမပေးချင်လို့ ပြောရမယ့်စကားကို ကြိုတင် မပြင်ဆင်လာမိပါဘူး” လို့ ပြောပါတယ်။
ရွှေမြင်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နာမည်ကြီး တရုတ် ရုပ်ရှင်သရုပ်ဆောင် အများအပြား တက်ရောက်ခဲ့ကြပါတယ်။
အဲဒီဇာတ်ကားကပဲ နောက်ထပ် အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။
“ဒီရုပ်ရှင်ကို မနေ့တုန်းက ပြည်မကြီးမှာ ပွဲဦးထွက် ပြခဲ့ပါတယ်။ ဒီနေ့တော့ ဆုရပါပြီ။ ဟုတ်ပါတယ်။ ကျနော်ပျော်ပါတယ်။ ဒီရုပ်ရှင် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ ပြဿနာတရပ်ကို ရိုက်ပြထားတာပါ။ ပရိသတ်တွေဆီကို အဲဒီမက်ဆေ့ခ်ျ ရောက်သွားဖို့က သိပ်ကိုအရေးကြီးပါတယ်” လို့ အကောင်းဆုံး ဒါရိုက်တာဆုရှင် ဗီဗီယန်ကျူက ပြောပါတယ်။
ဗီဗီယန်ကျူဟာ The Bold, the Corrupt and the Beautiful ဇာတ်ကားကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရ ကာရာဝေက “သရုပ်ဆောင်ပညာက လက်တွေ့ဘဝနဲ့ သိပ်ကိုတူပါတယ်။ လက်တွေ့ဘဝရဲ့ ကဏ္ဍတိုင်းမှာ သရုပ်ဆောင်ပညာကို ရှာတွေ့နိုင်ပါတယ်။ အခုလိုမျိုး ကျမရဲ့ ရည်မှန်းချက်ကို ရောက်ရှိဖို့ ကျမရဲ့ မျော်လင့်ချက်တွေနဲ့ အိပ်မက်တွေကို ဖြည့်စွမ်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ဆိုပါတယ်။
အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကိုတော့ ပြည်မကြီး သရုပ်ဆောင် တူမန်းက ရရှိခဲ့ပါတယ်။
အဲဒီ ရွှေမြင်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၁၉၆၂ ခုနှစ်က စတင်ကျင်းပခဲ့ပြီး တရုတ် ရုပ်ရှင်လောကမှာ ဂုဏ်သတင်းအကြီးဆုံးအဖြစ် သတ်မှတ်ခံရပါတယ်။