Home
မြန်မာသတင်း
ကလေးမြို့ ရပ်ကွက်လမ်း ပိတ်ဆို့ ခြံခတ်မှု အများပြည်သူ သွားလာရေး ခက်ခဲ
DVB
·
November 27, 2017
ကလေးမြို့ အနောက်ဘက် ကြို့သုံးပင်ရပ်ကွက်ရှိ လမ်းသွယ်တလမ်းကို ခြံခတ် ပိတ်ဆို့ထားလို့ အဲဒီလမ်းကို အသုံးပြုနေတဲ့ ရပ်ကွက်နေ အိမ်ခြေလေးဆယ်ကျော်ဟာ အခက်အခဲ ဖြစ်နေတယ်လို့ အဲဒီရပ်ကွက်နေ ပြည်သူတဦးက ဆိုပါတယ်။ “လမ်းပိတ်ထားတော့ ပထမဆုံး ကွေ့ပတ်သွားရတာ အသွားအလာ ခက်တယ်။ နောက်ပြီး မီးရေး ထင်းရေး ဆိုလည်း မီသတ်ကား အဝင်အထွက် ခက်ခဲတယ်။ မီးသွယ်တော့မှာဆိုတော့ ဒီပိတ်ထားတဲ့လမ်းက ဓာတ်တိုင်ဓာတ်ကြိုး သွယ်ရမှာဆိုတော့ ခက်ခဲဦးမယ်။ ငွေကြေးကုန်ကျမှု ပိုဦးမယ်" လို့ ဆယ်အိမ်မှူး ဦးတွောင်ခိုထောင်က ဆိုပါတယ်။ လမ်းနဲ့ပတ်သက်ပြီး အခုလို ခြံခတ်ပိတ်ဆို့ထားမှုဟာ အငြင်းပွားမှု ဖြစ်နေတယ်လို့ သိရပေမယ့် လက်ရှိအနေအထားမှာတော့ မြို့ပြလမ်းနံပါတ် သတ်မှတ်တိုင် စိုက်ထူထားတာကို တွေ့ရပြီး သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ “ကျနော်တို့ တခါစစ်ဆေးပြီးပြီ။ မထူးခြားတော့ သိတဲ့လူတွေနဲ့ ပြန်ခေါ်စစ်ဆေးမယ်တဲ့။ ခုထိတော့ မစစ်ဆေးသေးဘူး။ အရင်စစ်ဆေးခဲ့တဲ့လူလည်း ပြောင်းသွားပြီ။ ဒါနဲ့ ကျနော်လည်း ဘယ်လိုလုပ်ရမှန်း မသိဘူး။ အချိန်စောင့်နေတယ်” လို့ ကြို့သုံးပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး နန်ဇကျင်က ပြောပါတယ်။ ပိတ်ဆို့ထားတဲ့ လမ်းဘေးကပ်ရက် ဦးအုန်းမြင့်ပိုင် နေအိမ်ဝင်းပုံစံမှာတော့ ခြံဝန်းကပ်ရက် လမ်းလို့ ပါရှိပြီး အရင်ကတည်းက သွားလာနေရာကနေ တဖက်ခြံပိုင်ရှင်က ခုလို နေအိမ်ဝင်းပိုင်မြေ ဆိုပြီး လမ်းပိတ်ခဲ့တာလို့ သိရပါတယ်။ လမ်းပိတ်ဆို့ ခြံခတ်မှုကြောင့် အသွားအလာ ခက်ခဲနေတဲ့ နေအိမ် လေးဆယ်ကျော်ကတော့ သက်ဆိုင်ရာကနေ အခု ပွင့်လင်းရာသီအမီ အဖြေတခု ရတဲ့အထိ ဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024