Home
ဆောင်းပါး
ပွဲဆူ ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ဆိုး တကယ်ပဲ နိဂုံးချုပ်လေမလား
DVB
·
November 27, 2017
ခုတလော နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ပွဲဆူနေတဲ့ ကိစ္စကတော့ ဇင်ဘာဘွေနိုင်ငံ စစ်အာဏာသိမ်းမှုနဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ အနာဂတ်အရေးတွေနဲ့ ပတ်သက်ပြီး ရေးသား ဝေဖန်ပြောဆို မေးမြန်းနေကြတာတွေပါပဲ။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေမှာ ဇင်ဘာဘွေ ကာကွယ်ရေးတပ်တွေက မြို့တော် ဟာရာရီဝန်းကျင်မှာ စုဝေးခဲ့ကြပြီး ဇင်ဘာဘွေ အသံလွှင့်ကော်ပိုရေးရှင်းနဲ့ မြို့တော်ရဲ့ တခြားနေရာတွေကို ဝန်းရံ ထိန်းချုပ်ထားလိုက်ကြပါတယ်။ နောက်တနေ့မှာတော့ ဇက်ဒီအက်ဖ်က ခု သူတို့ရဲ့ထိန်းချုပ်မှုဟာ အာဏာသိမ်းတာ မဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ လူမှုစီးပွားရေး ပြဿနာတွေအတွက် သမ္မတမူဂါဘီ ပတ်လည်မှာ ရှိနေကြတဲ့ ရာဇဝတ်ကောင်တွေကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်မှာ နိုင်ငံဟာ ပုံမှန်အခြေအနေ ပြန်ရောက်သွားမှာဖြစ်တယ်၊ သမ္မတ မူဂါဘီလည်း အန္တရာယ်မရှိတဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ်ဇူးမားက မူဂါဘီကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပြီး မူဂါဘီဟာ ကောင်းကောင်းမွန်မွန် ရှိနေပေမယ့် နေအိမ်အကျယ်ချုပ်နဲ့ နေနေရတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ တကယ်တော့ ဇင်ဘာဘွေနိုင်ငံမှာ အုပ်ချုပ်နေတဲ့ သမ္မတ မူဂါဘီဟာ အရွယ်လွန်နေတဲ့အပြင် သူအုပ်ချုပ်လာတဲ့ သက်တမ်းကလည်း ၃၇ နှစ်ရှိလာပြီ ဖြစ်ပါတယ်။ နိုင်ငံဟာလည်း လူမှုစီးပွားရေး ပြဿနာတွေနဲ့ ရှုပ်ထွေးကျပ်တည်းနေခဲ့ပါတယ်။ နောက် မူဂါဘီလွန်ကာလမှာ သမ္မတရာထူးဆက်ခံရေး ကိစ္စအတွက်လည်း အာဏာရယူရေးဆိုင်ရာ ပဋိပက္ခတွေ အာဏာရ ဇန်နူးပီအက်ဖ် ပါတီတွင်းမှာ ဖြစ်ပျက်နေခဲ့တာ အချိန်အတော်လေး ကြာခဲ့ပါပြီ။ အဓိကကတော့ ဇင်ဘာဘွေ ကာကွယ်ရေးတပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပထမ ဒုတိယသမ္မတ အင်မာဆန် မနန်ဂါဂွါနဲ့ ဂျီ ၄၀ ဂိုဏ်းက ကျောထောက်နောက်ခံပေးထားတဲ့ သမ္မတကတော် ဂရေ့စ်မူဂါဘီကြားက တင်းမာမှုပဲ ဖြစ်ပါတယ်။ အဲဒီလို တင်းမာမှုတွေဟာ တစတစ ပိုပြီး ကြီးမားလာပြီးတဲ့နောက်ပိုင်း ဟာရာရီမြို့တော်က စီစဉ်ထားတဲ့ မိန့်ခွန်းပြောပွဲတခုမှာ သမ္မတကတော် ဂရေ့စ်မူဂါဘီက ဒုတိယသမ္မတ မနန်ဂါဂွါကို မနန်ဂါဂွါဂိုဏ်းသားတွေက မနန်ဂါဂွါသာ မူဂါဘီကိုဆက်ခံမယ့် သမ္မတ မဖြစ်လာဘူးဆိုရင် သမ္မတကတော်ကို ထောက်ခံသူတွေကို အန္တရာယ်ပေးမယ်လို့ အမြဲတမ်း ခြိမ်းခြောက်နေပြီး သူတို့တွေ အသတ်ခံရလိမ့်မယ်၊ မနန်ဂါဂွါကို ကျောထောက်နောက်ခံပေးနေသူတွေက အာဏာသိမ်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဖွင့်ချ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။ နောက် စုဝေးပွဲတခုမှာတော့ သမ္မတ မူဂါဘီက ပထမဆုံးအကြိမ် လူထုရှေ့မှာ ဒုတိယသမ္မတ မနန်ဂါဂွါကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။ အဲဒီစုဝေးပွဲမှာလည်း သမ္မတကတော် ဂရေ့စ်မူဂါဘီက ဒုတိယသမ္မတ မနန်ဂါဂွါကို အာဏာသိမ်းဖို့ လျှို့ဝှက်ကြံစည်နေတဲ့သူ၊ သူရဲဘောကြောင်တဲ့သူလို့ခေါ်ပြီး ပြစ်တင်ပြောကြားခဲ့တယ်လို့ စောင့်ကြည့်ဝေဖန်သူတွေက ဆိုပါတယ်။ ဇင်ဘာဘွေ ပြန်ကြားရေးဝန်ကြီး ဆီမွန်ခါရာမိုရိုရဲ့ ထုတ်ပြန်ကြေညာချက် တခုမှာတော့ ဒုတိယသမ္မတ မနန်ဂါဂွါဟာ သစ္စာမဲ့တဲ့၊ အရိုအသေမဲ့တဲ့၊ လိမ်ညာတဲ့၊ စိတ်မချရတဲ့ စရိုက်သဘာဝတွေကို အစဉ်တစိုက် ပြသလာခဲ့တယ်လို့ ဖော်ပြထားခဲ့တာ တွေ့ရပါတယ်။ အဲဒီအခြေအနေကနေ နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ သမ္မတ မူဂါဘီက ဒုတိယသမ္မတ မနန်ဂါဂွါကို သစ္စာဖောက်အဖြစ် စွပ်စွဲပြီး တာဝန်က ထုတ်ပယ်ပစ်လိုက်ပါတယ်။ အဲဒီလို အခြေအနေဖြစ်လာပြီး ဒုသမ္မတရဲ့ မိသားစုတွေကိုပါ အဆက်မပြတ် ခြိမ်းခြောက်လာတာ ခံခဲ့ရလို့ဆိုပြီး မနန်ဂါဂွါဟာ မိုဇမ်ဘစ်နိုင်ငံကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကမှတဆင့် တောင်အာဖရိကနိုင်ငံကို ထွက်ပြေး တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒု-သမ္မတ မနန်ဂါဂွါကို ရာထူးက ထုတ်ပယ်ခဲ့လို့ နိုင်ငံက ထွက်ပြေးသွားခဲ့ပြီး တပတ်အကြာနဲ့ ကာကွယ်ရေးတပ်တွေ မြို့တော် ဟာရာရီကို ချီတက်ဝိုင်းရံမှု မလုပ်ခင် တရက်အလိုမှာ ဇင်ဘာဘွေ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲ ကွန်စတင်တီနို ချီဝင်းဂါးက မနန်ဂါဂွါလို အကြီးတန်း ထိပ်ပိုင်း ဇန်နူးပီအက်ဖ် ပါတီဝင်တွေကို သန့်စင်ရှင်းလင်း ထုတ်ပစ်နေတာတွေကို ရပ်ဆိုင်းရမယ်လို့ ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ မူဂါဘီရဲ့ ပါတီ ဇန်နူးက မူဂါဘီကို သမ္မတရာထူးက ဆင်းပေးဖို့၊ မဆင်းပေးရင် လွှတ်တော်ရဲ့ အခွင့်အာဏာနဲ့ ထုတ်ပစ်ရလိမ့်မယ်လို့ ဖိအားပေးခဲ့သလို နှစ်ပေါင်း ၄၀ နီးပါး မူဂါဘီအစိုးရရဲ့ ဆိုးဝါးတဲ့ အုပ်ချုပ်ရေးရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဇင်ဘာဘွေ ပြည်သူလူထု အများစုက သမ္မတရာထူးက နုတ်ထွက်ပေးဖို့ တခဲနက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်ကလည်း ဖိအားပေး သတိပေးခဲ့ပါတယ်။ အစကတော့ သမ္မတ မူဂါဘီက သမ္မတရာထူးက နုတ်ထွက်ပေးဖို့ ခေါင်းမာ ငြင်းဆန်နေသေးပေမယ့် ဆက်ပြီး သမ္မတရာထူး ရယူထားဖို့ အခွင့်အလမ်း မရှိတော့တဲ့ အဲဒီအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဘယ်လိုမှ သမ္မတရာထူးကို ဆက်လက်ရယူထားဖို့ မဖြစ်နိုင်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဇင်ဘာဘွေလွှတ်တော်ကို သူ သမ္မတရာထူးက နုတ်ထွက်ပေးလိုက်တဲ့အကြောင်း စာပေးပို့ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယသမ္မတ ဖီလက်ခီဇီလာ အမ်ဖိုခိုက ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ သမ္မတ မူဂါဘီ အဲဒီလို နုတ်ထွက်ပေးမယ့်အကြောင်း လွှတ်တော်ကို စာမပေးပို့ခင် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ နိုင်ငံရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကွန်စတင်တီနို ချီဝင်းဂါးက နိုင်ငံကို တီဗွီကနေ မိန့်ခွန်းပြောကြားရာမှာ ဒု-သမ္မတဟောင်း အင်မာဆန် မနန်ဂါဂွါဟာ မကြာခင် နိုင်ငံကိုပြန်လာပြီး သမ္မတ မူဂါဘီနဲ့ ဆွေးနွေးပြောဆိုမှာဖြစ်ပြီး သူ့အနေနဲ့ စစ်တပ်က မူဂါဘီရဲ့ သမ္မတရာထူးကို ဆက်ခံစေလိုတဲ့အတွက် အားတက်မှုရှိနေခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင် နိုဝင်ဘာ ၁၉ ရက်နေ့မှာလည်း ဇန်နူးပ်ီအက်ဖ်ပါတီက သမ္မတ မူဂါဘီကို နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့၊ အဲဒါကို မလိုက်နာခဲ့ရင် ပြစ်မှုစွဲချက်တင်တာကို ရင်ဆိုင်ရလိမ့်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ မူဂါဘီ၊ သမ္မတကတော်နဲ့ သူ့ရဲ့ အပေါင်းအပါ ၂၀ ကိုလည်း ပါတီဝင်တွေအဖြစ်က ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ နိုင်ငံပိုင်တီဗွီကနေ ထုတ်လွှင့်ခဲ့တဲ့ ဟာရာရီမှာ ပြောကြားခဲ့တဲ့ သမ္မတ မူဂါဘီရဲ့ မိန့်ခွန်းတခုထဲမှာတော့ ပါတီရဲ့ အရေးယူမှုတွေနဲ့ နိုင်ငံရေးဖိအားပေးမှုတွေကို သူက လျစ်လျူရှုပြီး ရာထူးက နုတ်ထွက်ပေးဖို့ ငြင်းဆိုခဲ့သလို လာမယ့် ပါတီညီလာခံကို သူ ဦးစီးကျင်းပပေးသွားမှာ ဖြစ်တယ်လို့တောင် ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေါင်းမာ တင်းခံခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်၊ ပါတီ၊ လွှတ်တော်နဲ့ ပြည်သူလူထုရဲ့ ဖိအားတွေကို မလွန်ဆန်နိုင်တော့တဲ့ အဆုံးမှာမှ သူက ရာထူးက နုတ်ထွက်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံနဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် ဆိုတာကတော့ ညာလုံး ဖြီးလုံးတခုပဲ ဖြစ်တယ် ဆိုတာကတော့ နှစ်ပေါင်း ၄၀ နီးပါး သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရတဲ့ ဇင်ဘာဘွေ ပြည်သူလူထုပဲ အသိဆုံးဖြစ်တယ် ဆိုတာကတော့ စစ်တပ် အာဏာသိမ်းပြီးချိန်မှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှုက ပြသခဲ့ပြီး ဖြစ်ပါတယ်။ တကယ်တော့ ဇင်ဘာဘွေသမ္မတ မူဂါဘီ ခု တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ စစ်တပ် အာဏာသိမ်းမှုနဲ့ သူ့ပါတီနဲ့ လူထုက သူ့ကို အင်နဲ့ အားနဲ့ ဆန့်ကျင်တာတွေကို လှုံ့ဆွပေးလိုက်တာကတော့ ဒု-သမ္မတ အင်မာဆန်မနန်ဂါဂွါကို ရာထူးက ဖြုတ်ပစ်လိုက်ပြီး နိုင်ငံက ထွက်ပြေးရအောင် လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်ကြောင့်ပဲလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။ သူ့ရဲ့ နိုင်ငံရေး စဉ်းလဲပါးနပ်မှုတွေကြောင့် မိကျောင်းလို့ အမည်ရခဲ့တဲ့ မနန်ဂါဂွါနဲ့ သမ္မတ မူဂါဘီတို့ ၂ ယောက်ဟာ ၁၉၈၀ စုနှစ်အတွင်း မူဂါဘီရဲ့ ဇန်နူးပီအက်ဖ်ပါတီနဲ့ မူဂါဘီရဲ့ တော်လှန်ရေးရဲဘော် ဖြစ်ခဲ့တဲ့ ဂျိုရှူဝါ အင်ကိုမိုရဲ့ ဇာပုပါတီရဲ့ ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့ရတဲ့ ဇင်ဘာဘွေ ပြည်တွင်းစစ်အတွင်းမှာ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးဝန်ကြီးဖြစ်တဲ့ မနန်ဂါဂွါက အဲဒီအချိန်မှာ ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIO) ရဲ့ အကြီးအကဲလည်းဖြစ်တော့ အင်ကိုမိုရဲ့ ဇာပုပါတီကို နှိပ်ကွပ်ဖို့ စစ်တပ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ နောက် ၂ ပါတီပူးပေါင်းပြီး ဇန်နူးပီအက်ဖ်ပါတီအဖြစ် မဖွဲ့စည်းခင်မှာ ဇာပုပါတီကို ထောက်ခံသူတွေ အစုလိုက် အပြုံလိုက်ဟာ ဂူကူရာဟွန်ဒီလို့ လူသိများတဲ့ စီမံချက်မှာ နှိမ်နင်းသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေမှာ မနန်ဂါဂွါက သူ့ရဲ့အခန်းကဏ္ဍကို ငြင်းပယ်ခဲ့ပေမယ့် မာတာဘီလီလင်းမှာ နေထိုင်ကြတဲ့ ဇာပုပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေ အတော်များများကတော့ ခုချိန်ထိ နာကျင်ခံစားနေကြရဆဲပဲလို့ ဆိုပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့တော့ ပြောစရာမလိုအောင် ခံစားခဲ့ကြရပါတယ်။ အဲဒီလူတွေအနေနဲ့ကတော့ မနန်ဂါဂွါရဲ့ သမ္မတအဖြစ်ဟာ အရသာတွေ့စရာ အကြောင်းမရှိဘူးလို့ ပြောလိုရင်းပါပဲ။ နောက်တခုက မနန်ဂါဂွါဟာ ၂၀၀၀ ခုနှစ်လောက်က လူဖြူ လယ်သမားတွေနဲ့ အတိုက်အခံတွေကို အကြမ်းဖက်နှိပ်ကွပ်ရေး စီမံချက်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ စစ်ပြန်ကြီးတွေရဲ့ အားပေးထောက်ခံမှု အပေါ်မှာလည်း သာယာခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေက သူ့ကို တရုတ်နိုင်ငံမှာ စစ်သင်တန်းတွေ တက်ရောက်သင်ကြားခဲ့ပြီး ၁၉၆၀ စုနှစ်နဲ့ ၇၀ စုနှစ်တွေအတွင်း လွတ်မြောက်ရေး တိုက်ပွဲတွေကို ညွှန်ကြားခဲ့သူအဖြစ် သတိရခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့မှတ်တမ်းမှာ ၁၉၆၅ ခုနှစ် အရင်က ရုဒီရှားလူဖြူလူနည်းစု အစိုးရရဲ့ ဖမ်းဆီးတာကို ခံခဲ့ရ၊ အပြင်းအထန် နှိပ်စက်တာကို မသေရုံ ခံစားခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တာတွေအတွက် ပြည်သူလူထုက မူဂါဘီကိုရော မနန်ဂါဂွါကိုပါ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ နိုင်ငံလုံခြုံရေး အဖွဲ့အစည်းတွေက အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ စီမံချက်အတွင်း လူရာပေါင်းများစွာ သေဆုံးပြီး သောင်းနဲ့ချီပြီး သူတို့ရဲ့ နေအိမ်တွေက စွန့်ခွာ ထွက်ပြေးရအောင် လုပ်ဆောင်ခဲ့တဲ့ နေရာမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သိမီသူတွေက ဆိုပါတယ်။ မနန်ဂါဂွါကတော့ အဲဒီဖြစ်ရပ်တွေမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဘာဝေဖန်မှုမှ မလုပ်ခဲ့ပေမယ့် ပါတီလုံခြုံရေးဌာနက အတွင်းလူတယောက်ကတော့ သူဟာ စစ်တပ်၊ ထောက်လှမ်းရေးနဲ့ ဇန်နူးပီအက်ဖ်တို့နဲ့ နိုင်ငံရေးအရ အချိတ်အဆက် ရှိနေခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြတုန်းက စွန့်လွှတ်စွန့်စားမှုတွေ ရှိခဲ့ကြလို့ ပြည်သူလူထုက အသိအမှတ်ပြု လေးစား လက်ခံကြပေမယ့် အာဏာကုလားထိုင်ပေါ်ကို ရောက်အပြီး အရသာတွေ့လာကြတဲ့ အချိန်မှာ ပြည်သူလူထု အကျိုးစီးပွားထက် အာဏာနဲ့ စည်းစိမ်ဥစ္စာတွေကို မက်မော ကိုယ်ကျိုးရှာလာတဲ့ အချိန်မှာတော့ ပြည်သူလူထုရဲ့ ဆန့်ကျင်တာကို ခံလာကြရတာဟာ ဘယ်နိုင်ငံမှာမဆို အတူတူပဲလို့ ပြောရမှာပါပဲ။ နိုင်ငံကာကွယ်ရေးအတွက်ပဲ တာဝန်ရှိတဲ့ စစ်တပ်ဟာလည်း နိုင်ငံရေးဂိုဏ်းခွဲတခု၊ အုပ်စုတစုရဲ့ အကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွား ကြည့်လာတဲ့အခါ ဘက်လိုက်မှု၊ ထောက်ခံအားပေးမှု၊ ပံ့ပိုးကူညီမှုတွေကို လုပ်လာပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာပြီ ဆိုရင်လည်း နိုင်ငံမှာ အန္တရာယ်ရှိလာတော့တာပါပဲ။ မနန်ဂါဂွါကတော့ သောကြာနေ့မှာ ဇင်ဘာဘွေနိုင်ငံရဲ့ တတိယမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး အကျင့်ပျက်မှုတွေကို တိုက်ဖျက်ပြီး နိုင်ငံစီးပွားရေးကို နာလန်ထူ တိုးတက်အောင်လုပ်ရင်း ပြည်သူ့အကျိုးကို သယ်ပိုးပေးမှာ ဖြစ်တဲ့အကြောင်း သူက ပြောကြားသွားခဲ့ပါတယ်။ တကယ်ပဲ အဲဒီလို စွမ်းဆောင်ပေးမှာလား၊ ပေးနိုင်မှာလား ဆိုတာကတော့ မကြာခင် တွေ့မြင်လာကြရမှာ ဖြစ်ပါကြောင်း။      ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024