ပေါင် ၄ သောင်းတန် သံလူသား ပျံသန်းဝတ်စုံ တီထွင်ပြသ (ရုပ်သံ)

အင်္ဂလန်နိုင်ငံ ဆယ်လ်ဖို့ဒ်မြို့မှာ တီထွင်သူတဦးက တကယ့်သံလူသားလို့ အမည်ပေးထားတဲ့ ဂျက်အင်ဂျင်ပါ ကိုယ်တိုင် ဖန်တီးပြုလုပ်ထားတဲ့ ပျံသန်းဝတ်စုံကို ဝတ်ဆင်ပြသခဲ့ပါတယ်။ မန်ချက်စတာတူးမြောင်းရဲ့ ကမ်းပါးပေါ်မှာရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ သတင်းမြို့ဖြစ်တဲ့ ဆယ်လ်ဖို့ဒ်မြို့မှာ တီထွင်သူ ရစ်ချာ့ဒ်ဘရောင်းနင်းက ပေါင် ၄ သောင်းတန် သူ့ရဲ့ သံလူသားပျံသန်းဝတ်စုံ အစွမ်းကို ဝတ်ဆင်ပြသခဲ့ပြီး ကြည့်ရှုသူလူအုပ်ကို အံ့သြစေခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ လကတည်းက အသက် ၃၈ နှစ်အရွယ် တီထွင်သူက ခန္ဓာကိုယ်နဲ့ ထိန်းချုပ်တဲ့ စွမ်းအင်သုံးဝတ်စုံကို ၁ နာရီ ၃၂ မိုင်နှုန်းနဲ့ အမြန်ဆုံး ပျံသန်းပြခဲ့လို့ ကမ္ဘာ့မှတ်တမ်း ဂရင်းနစ်စံချိန်ကိုလည်း ချိုးခဲ့တယ်လို့ ဆိုပါတယ်။ သူက ဒီဝတ်စုံကို အပျော်အနေနဲ့ တီထွင်ခဲ့တာဖြစ်ပြီး လူတွေကတော့ ဒီတီထွင်မှုက ပြီးမြောက်မှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။ “ပျံသန်းတိုင်း ကျနော် စိတ်ကျေနပ်မှုဖြစ်တယ်။ ဒါက တကယ့်ကို ကြီးမားပါတယ်။ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို လူတွေ အမြဲလေးစားရမယ်လို့ ကျနော်ထင်တယ်။ ကျနော်ကတော့ ဖော်မြူလာဝမ်းကား မောင်းနေရသလို ဒါမှမဟုတ် စက်ဘီးစီး ပြိုင်နေရသလိုပါပဲ။ တကယ့်ကိုကြီးမားပြီး နှစ်သက်စရာကောင်းတဲ့ အတွေ့အကြုံပါ၊ ကျနော်ပျံသန်းနေတိုင်း ကျနော့်စိတ်ထဲမှာ ဘာမှ မရှိဘူး” လို့ ပြောပါတယ်။ မစ္စတာဘရောင်းနင်းက လက်ရှိအချိန်မှာ ဂရက်ဖ်တီလို့အမည်ရတဲ့ ဒေါ်လာ သန်း ၂၀ တန်ကြေးရှိသည့် ပျံသန်းနိုင်စွမ်းရှိ စက်တွေကို လေ့လာ ဒီဇိုင်းဆွဲ တီထွင် ထုတ်လုပ်တဲ့ စီးပွားရေးကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

//
More News
Up