မူးယစ်ဆေးဝါး မှောင်ခိုဒရုန်းယာဉ်များ ဖမ်းဆီးရန် လင်းယုန်ငှက်များ အသုံးပြုနိုင်

မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်တဲ့ ဒရုန်းယာဉ်တွေကို ဖမ်းဆီးဖို့ ယူကေရဲတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာ အသစ်အရ လင်းယုန်ငှက်တွေ အသုံးပြုသွားနိုင်တယ်လို့ သိရပါတယ်။ အကယ်၍ ဒရုန်းယာဉ်တွေကို အရမ်းမဲ့မောင်းနှင်တာ ဒါမှမဟုတ် ရာဇဝတ်မှုကျူးလွန်တာမျိုးဖြစ်ခဲ့ရင် အခုနွေဦးကာလက စပြီး ရဲအရာရှိတွေက ဒီလိုဒရုန်းယာဉ်တွေကို မြေပြင်ပေါ် ပစ်ချမယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဖုန်းတွေကို အကျဉ်းထောင်ထဲ တရားမဝင် မှောင်ခိုသွင်းဖို့ ဒရုန်းယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး အကျဉ်းထောင်ဝန်ထမ်းတွေက ၅ ရက်တကြိမ် ဒီလိုဒရုန်းယာဉ်မျိုးတွေကို ဖမ်းမိတယ်လို့လည်း သိရပါတယ်။ “ဟော်လန်နိုင်ငံမှာဆိုရင် ဒရုန်းယာဉ်တွေကိုပစ်ချဖို့ သူတို့ လင်းယုန်ငှက်တွေကို သုံးနေတယ်၊ ကျနော်တို့လည်း ယူကေနိုင်ငံမှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာကြမယ်ဆိုတာ သေချာပါတယ်” လို့ ယူကေနိုင်ငံရဲ့ အကျဉ်းထောင်များ ဝန်ကြီး ဆမ်ဂျီမက်က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောလိုက်တာပါ။ ဒက်ခ်ျ (ဟောလန်) ရဲတွေက လင်းယုန်ငှက်တွေကို သုံးဖို့ ရဲအရာရှိ ၁၀၀ ကို လေ့ကျင့်ပေးထားပြီး ၂၀၁၅ ခုနှစ်ကတည်းက လင်းယုန်ငှက်တွေကို စမ်းသုံးနေတာလို့ သိရပါတယ်။ ဒက်ခ်ျရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဒန်နစ်စ်ရဲနက်စ်က “နည်းပညာမြင့်တဲ့ (Hi-Tech) ပြဿနာကို နိမ့်တဲ့နည်းပညာနဲ့ ဖြေရှင်းလိုက်တာပဲ၊ လင်းယုန်တွေလည်း ထိခိုက်မှု မရှိသလို ဘယ်ဒရုန်းယာဉ်မဆို မရပ်တည်နိုင်ဘူး ဖမ်းမိတာပဲ” လို့ ပြောပါတယ်။ ဒရုန်းယာဉ်ဥပဒေအရ ဒရုန်းပိုင်ရှင်တွေက လေဆိပ်တွေအနီးအနား ဒါမှမဟုတ် ပေ ၄၀၀ အထက်မှာ ပျံသန်းဖို့ ခွင့်မပြုဘဲ ပိုင်ရှင်တွေက လုံခြုံရေးနဲ့ပတ်သက်တာတွေကို သိဖို့ စာမေးပွဲတွေ ဖြေဆိုရမှာဖြစ်သလို ဒရုန်းပျံသန်းဖို့ ကွန်ပြူတာပရုဂရမ်/အေပီပီ (apps) တွေလည်း သုံးရမယ်လို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up