ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း
DVB
·
November 26, 2017
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက နိုဝင်ဘာ ၂၄ ရက်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒီကော်မတီမှာ အတွင်းရေးမှူးအဖြစ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ တွဲဖက်အတွင်းရေးမှူး - ၁ အဖြစ် အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ တွဲဖက်အတွင်းရေးမှူး - ၂ အဖြစ် ဦးလူမင်းတို့ ဆောင်ရွက်မှာပါ။
ပြီးတော့ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ ပြန်ကြားရေးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတွေက အမြဲတမ်း အတွင်းဝန်တွေ၊ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနတွေက ညွှန်ကြားရေးမှူးချုပ်တွေ၊ မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနဲ့ ဦးသူရ(ခ)ဦးဇာဂနာ၊ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
ဒီကော်မတီက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ သမိုင်းအထောက်အထားမလွဲဖို့၊ ပါဝင်မယ့်သရုပ်ဆောင်တွေကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ကိုက်ညီစေရေး၊ ရတဲ့ ရန်ပုံငွေနဲ့ညီတဲ့ အရည်အသွေးမီ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ဖို့ ကြပ်မတ်ရမှာ ဖြစ်ပါတယ်။
ဒီအတွက် လိုအပ်တဲ့ ဆပ်ကော်မတီတွေ ထပ်ဖွဲ့သွားရဦးမှာ ဖြစ်ပါတယ်။