အာရှတွင် အမေရိကန်စစ်အင်အားတိုးလာရန် ဂျပန်မြေပေါ် အခြေစိုက်မှု စိုးရိမ်ကြောင်း ရုရှားပြော

ဂျပန်နှင့်ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ရစဉ်
အာရှမှာ အမေရိကန်စစ်တပ် အင်အားတိုးပွားလာဖို့ ဂျပန်ဟာ အခြေစိုက်စခန်း ဖြစ်လာနေတဲ့အတွက် စိုးရိမ်တယ်လို့ ရုရှားက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားကို တန်ပြန်ဖို့ဆိုတဲ့ မူမမှန်တဲ့ အကြောင်းပြချက်ကို ကိုင်စွဲပြီး အာရှ မြောက်ပိုင်းမှာ အမေရိကန် စစ်တပ်အင်အားတိုးချဲ့ဖို့ ဂျပန်က သူ့ပိုင်နက်ကို ခွင့်ပြုနေတဲ့အတွက် စိုးရိမ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က မနေ့က ပြောလိုက်ပါတယ်။ ရုရှားမြို့တော် မော်စကိုမှာ ရုရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ခိုနိုနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။ ဒါကြောင့် ခိုနိုက မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေးအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဂျပန်နဲ့ရုရှားကြား နှစ် ၇၀ ကြာနေတဲ့ ပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းဖို့ ဂျပန်က အာရုံစိုက်ချင်ပေမယ့် ရုရှားဝန်ကြီးရဲ့ မြောက်ကိုရီးယားအရေး မှတ်ချက်က အစည်းအဝေးကို လွှမ်းမိုးခဲ့တာပါ။ “ ကျန်ခဲ့တဲ့ ၂ လအတွင်း မြောက်ကိုရီးယားက ကျူးကျော်ရန်စမှု မရှိပေမယ့် အမေရိကန်က ဒေသတွင်းမှာ စစ်ရေးလေ့ကျင့်တဲ့အပြင် နောက်ထပ်ဒဏ်ခတ်မှုတွေ လုပ်ခဲ့တယ်၊ ဒါဟာ မြောက်ကိုရီးယားကို ရန်စ နှိုးဆွမယ့် လုပ်ရပ်တွေလုပ်ဖို့ ကြိုးစားတာ” လို့ ရုရှားဝန်ကြီးက ဆက်ပြောပါတယ်။ “အမေရိကန် ခေါင်းဆောင်တွေဟာ စစ်ရေးရွေးချယ်မှုအပါအဝင် ရွေးချယ်စရာ နည်းလမ်းတွေ အားလုံး စားပွဲပေါ်မှာ အဆင်သင့်ရှိတယ်လို့ ပြောခဲ့တာ အားလုံးသိကြတယ်။ ဂျပန်ဝန်ကြီးချုပ်က အမေရိကန်ရဲ့ ရပ်တည်ချက်ကို ရာနှုန်းပြည့် ထောက်ခံတယ်လို့ နိုဝင်ဘာ အစောပိုင်းက အမေရိကန် သမ္မတနဲ့ တွေ့ချိန်မှာ ပြောခဲ့တာကိုလည်း မှတ်သားထားတယ်” လို့ ဆိုပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီးကတော့ “ဂျပန်နဲ့ မဟာမိတ်တွေဟာ မြောက်ကိုရီးယားနိုင်ငံထဲမှာ အစိုးရပြောင်းဖို့ ကြိုးစားနေတာ မဟုတ်ဘူး၊ ဂျပန်ပိုင်နက်ထဲကို ပျံသန်း ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားရဲ့ စမ်းသပ်ဒုံးကျည်တွေကို ကာကွယ်ဖို့သာ လုပ်ဆောင်တယ်” လို့ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up