ဘိုကလေး မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးပွဲ အနိုင်အရှုံး ဆုံးဖြတ်
အေးနိုင်
·
April 10, 2012
ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်း ဘောလုံးပွဲ ကျင်းပပြီး မနေ့က ဘောလုံးပွဲအဆုံးအဖြတ်မှာ အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်ဆောင်ရွက်လို့ ဘောလုံးသမားတွေ မကျေမနပ် ဖြစ်နေကြပါတယ်။
ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးဒိုင်းအတွက် ဘောလုံးအသင်းပေါင်း ၃၂ သင်းဟာ လွန်ခဲ့တဲ့ ၂ လခန့်ကတည်းက ပြိုင်ဆိုင်နေတာဖြစ်ပြီး မနေ့က ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြဿနာ တက်ခဲ့တာလို့ ဘောလုံးသမားတဦးက ပြောပါတယ်။
ဧပြီ ၈ ရက်နေ့က မလော့ကျေးရွာအုပ်စုအသင်းနဲ့ မဂူကျေးရွာအုပ်စုအသင်း ဆီမီးဖိုင်နယ်တွေ့ရာမှာ မဂူကျေးရွာအုပ်စုအသင်းက ၁ - ၀ နဲ့ ဦးဆောင်နေချိန် မလော့ကျေးရွာအုပ်စုအသင်းက ပြန်ပြီး ၁ ဂိုးသွင်းပါတယ်။ ဂိုးဝင်ကြောင်း ကွင်းလယ်ဒိုင်က ခရာတွတ်အပြီးမှာ စည်းကြပ်ဒိုင်က အလံထောင်လို့ ဂိုးပေး မပေး အငြင်းပွားကြတယ်လို့ ဆိုပါတယ်။
ဒီလိုအငြင်းပွားမှုကို ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အစည်းအဝေးထိုင်ပြီး မဂူကျေးရွာအုပ်စုကို အနိုင်ပေးတဲ့အကြောင်း ဧပြီ ၉ ရက် မနက်မှာ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ်အုပ် ချုပ်ရေးမှူးဒိုင်းအတွက် ကျေးရွာအုပ်စု ပေါင်း ၇၀ ကျော်ကို ပြိုင်ဆိုင်ဖို့ ဖိတ်ခေါ်ပြီး မပြိုင်ဆိုင်တဲ့ ကျေးရွာအုပ်စုက ကျပ်ငွေ (၅သောင်း) ဒဏ်ငွေဆောင်ရသလို ဝင်ပြိုင်တဲ့ကျေးရွာအုပ်စုက ကျပ်ငွေ (၂သောင်း) အသင်းဝင်ကြေး ပေးရတယ်လို့ ဆိုပါတယ်။
ပထမဆုရသူကို ၅ သိန်းနဲ့ ဒုတိယ၊ တတိယဆုတွေကိုလည်း ငွေသားချီးမြှင့်မယ်လို့ ဆိုပါတယ်။ ဒီဘောလုံးပွဲမှာ လာဘ်ပေးလာဘ်ယူမှုတွေလည်း ကျယ်ပြန့်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းလို့ မရပါဘူး။