Home
မြန်မာသတင်း
ထုံခါ-မောတောင်လမ်းအပိုင်းအား ၂၀၁၈ ဒီဇင်ဘာတွင် အပြီးဖောက်လုပ်မည်
DVB
·
November 25, 2017
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ထုံခါ-မောတောင်လမ်းပိုင်းကို ၂၀၁၈ ဒီဇင်ဘာမှာ အပြီးသတ်ဖောက်လုပ်သွားမယ်လို့ မြိတ်အများပိုင်ကော်ပိုရေးရှင်းက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံကိုသွားရာမှာ အရေးပါသလို ကုန်သွယ်မှုအပိုင်း အတွက်လည်း အရေးကြီးတဲ့ မြိတ်-မောတောင် လမ်းအပိုင်းရဲ့ ထုံခါ-မော တောင်လမ်းအစိတ်အပိုင်းကို မြိတ်အများပိုင်မှ တာဝန်ယူဖောက်လုပ်နေရာ တချို့အပိုင်းတွေမှာ ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင် ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိအနေထားအရ ထုံခါကနေ သဲဖြူအထိကို ၁၉ မိုင် ၃ ဖာလုံ ကတ္တရာလမ်းခင်းနေပါပြီ။ လမ်းရဲ့ အကျယ်က ၁၀ မီတာရှိပါတယ်။ ၂၀၁၃ ခုနှစ် ကတည်းကခင်းနေတာပါ။ ၂၀၁၈ ဒီဇင်ဘာကျရင် အားလုံးအပြီးသတ် ဖောက်လုပ် နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ မောတောင် တောင်ခြေကနေ နှုံးဘွားအထိကို ၁၂ ကီလိုအထိ ဆက်လက် ပြီးဖောက်လုပ်နေဆဲပါ။ လမ်းက ၆၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ။ လမ်းအနေထားတွေကောင်း သွားရင် နယ်စပ်ကုန်သွယ်ရေးလည်း မြင့်တက်လာမယ်လို့ မျှော်မှန်းထားပါတယ်”လို့ စီမံကိန်းဒါရိုက်တာ ဦးသန်းလွင်က ပြောပါတယ်။ မြိတ်အများပိုင်ကုမ္ပဏီမှ အဆိုပါလမ်းအားဖောက်လုပ်ရာမှာ ၄  နှစ်လောက် ကြာမြင့်ပြီ ဖြစ်ပေမယ့်လည်း ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက စက်ယန္တရားတွေ၊ ပညာရှင်တွေကို ငှားရမ်းလုပ်ကိုင်နေရပြီး တောင်ပတ် လမ်းများဖောက်လုပ်ရခြင်း၊ တောင်ကမူငယ်တွေ ဖြိုဖျက်နေရခြင်း၊ ကွေ့ဝိုက်နေတဲ့ လမ်းဟောင်းတွေကို လမ်းဖြောင့်အောင် ဆောင်ရွက်နေရကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားတဲ့ အဆိုပါလမ်းကို အမြန်ဆုံးပြီးမြောက်နိုင်ဖို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပြီး မောတောင်လမ်း အပြီးသတ် ဆောင်ရွက်နိုင်ပါက မြိတ်မှ ၁၁၅ မိုင် ဝေးသောအဆိုပါလမ်းကို ၄ နာရီခရီးနဲ့ သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024