သင်္ကြန်တွင် အဆိုတော်အချို့ သီဆိုခွင့်မရ
နော်နိုရင်း
·
April 10, 2012
မြန်မာ့ရိုးရာမဟာသင်္ကြန်အတွင်း နေပြည်တော်မှာ သွားရောက် သီဆိုဖျော်ဖြေမယ့် အဆိုတော်တချို့ သီဆိုဖျော်ဖြေဖို့ ကုမ္ပဏီနဲ့ ကန်ထရိုက်ယူပြီးမှ ပယ်ချခံခဲ့ရပါတယ်။
[caption id="attachment_23996" align="alignright" width="383" caption="ထူးအယ်လ်လင်းနှင့် မီးမီးခဲ (ဓာတ်ပုံ-အံ့ဘုန်းမြတ်)"][/caption]
လာမယ့် ၁၂ ရက်နေ့မှာ နေပြည်တော်က ACE မဏ္ဍပ်မှာ ဖျော်ဖြေမယ့် အဆိုတော် ထူးအယ်လင်းနဲ့ မီးမီးခဲ ခုလိုပယ်ချခံလိုက်ရတာလို့ ကာယကံရှင်က ပြောပါတယ်။
နေပြည်တော်က ပါမစ်မပေးလို့ လာစရာ မလိုတော့ဘူးလို့ ပွဲကို စီစဉ်ပေးတဲ့ အင်ဂျင်နီယာက အကြောင်းကြားလာတယ်လို့ ထူးအယ်လင်းက ပြောပါတယ်။
“အပိတ်ခံရတယ်လို့ ကျနော်တို့ သေချာမသိဘူး။ စားရင်းတင်တဲ့အထဲမှာ ကျနော်တို့ မပါဘူး။ ပါမစ်မပေးဘူးလို့ ပြောတယ်။ ကျနော်တို့လည်း တိတိကျကျသိအောင် သေချာစုံစမ်းနေတယ်။ အနီးကပ်မှ ဖြုတ်လိုက်တော့ ကျနော်တို့ဘက်က တော်တော်လေး ထိခိုက်တယ်။ ကျန်တဲ့ကိစ္စကတော့ ကျနော်မပြောတတ်ဘူး။ ငွေရေးကြေးရေးကတော့ နစ်နာတာပေါ့။ တွေးကြည့်ရင်းနဲ့ ပတ်ပြီး ဖြစ်နေမှာစိုးလို့ ဘာမှကို မတွေးတော့ဘူး။ ပယ်တယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။ မနက်ဖြန်ကျရင် ခရီးစထွက်မယ်ဆိုပြီး အားလုံး ပြင်ပြီးနေမှ ဒီကနေ့ကျမှ သိတာ။”
ပုံမှန်အားဖြင့် သင်္ကြန်မှာ မဏ္ဍပ်ဆောက်ပြီးရင် မဏ္ဍပ်ပါမစ်အရ ဖျော်ဖြေခွင့်ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့်ဘာကြောင့် သူတို့ကို သီဆိုခွင့်မရှိတာလည်း ဆိုတာကို မသိရဘူးလို့ ပြောပါတယ်။
မန္တလေးမှာ ဖျော်ဖြေမယ့် အဆိုတော်လင်းလင်းကလည်း အလားတူ အပိတ်ခံရတယ်လို့ သိရပါတယ်။