ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကြောင့် ကလေး ၃ ဦး သေဆုံးခဲ့ခြင်းမဟုတ်ဟုဆို
ပိုင်စိုး
·
November 25, 2017
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပြီးနောက် ကလေး ၃ ယောက်သေဆုံးခဲ့တာဟာ ရောဂါအခံတွေကြောင့် ဖြစ်ပြီး ကာကွယ်ဆေးရဲ့ ဆိုးကျိုးမဟုတ်ဘူးလို့ ကျန်းမာရေနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့က ပင်လောင်းမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသူတယောက်ဟာ ဆေးထိုးပြီး ၇ နာရီလောက်အကြာမှာ သေဆုံးခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ ကလေးအထူးကု ဆရာဝန်ကြီးတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ယူနီဆက်ဖ်တို့က စစ်ဆေးရာမှာ ဆေးအရည်အသွေးနဲ့ ထိုးနှံတဲ့ စနစ် မှန်ကန်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အသားစ စစ်ဆေးချက်တွေအရလည်း ဆေးနဲ့ မတည့်တာတွေ မဖြစ်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီကလေးဟာ ငယ်ငယ်ကတည်းက လေပြွန်ရောင်ရောဂါ ရှိပြီး ဆေးထိုးပြီးချိန်မှာ လေပြွန်ရုတ်တရက် ကျဉ်းတဲ့ လက္ခဏာတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း သာပေါင်းနဲ့ ပုသိမ်မြို့နယ်တွေက ကလေး ၂ ယောက်ဟာလည်း ဆေးထိုးပြီး ၂ ရက်နဲ့ ၃ ရက် အကြာမှာ သေဆုံးခဲ့ပါသေးတယ်။
စုံစမ်းချက်တွေအရ တခြားဗိုင်းရပ်စ်ဝင်ပြီး အစာအိမ် အူလမ်းကြောင်း၊ နှလုံးနဲ့ ကျောက်ကပ် ထိခိုက်ပျက်စီးခဲ့တာလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ကာကွယ်ဆေးထိုးတာကို နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ကျောင်းတွေမှာ လိုက်လံ ထိုးနှံနေတာပါ။ ဆေးထိုးပြီးရင် ဆေးထိုးထားတဲ့နေရာ နီရဲတာ၊ နာတာ၊ ရောင်တာ၊ ကလေး အီတာ၊ နည်းနည်းဖျားတာ၊ ပျို့အန် မူးဝေတာ စတဲ့ မပြင်းထန်တဲ့ တုံ့ပြန်မှုတွေလောက်ပဲ ဖြစ်နိုင်ပြီး ၁ ရက် ၂ ရက်လောက် အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိတယ်လို့ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းက ကြိုတင် အသိပေးထားပါတယ်။
ဂျပန်ဦးနှောက်ရောင် ရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး နှစ်စဉ်တနိုင်ငံလုံးမှာ လူ ၃၀၀ ဝန်းကျင်ဖြစ်ပြီး ၁၀၀ လောက်သေဆုံးနေပါတယ်။ အသက်ရှင်တဲ့ ကလေးတွေဟာလည်း စိတ်နဲ့ ခန္ဓာကိုယ်မသန်စွမ်းတာတွေ ဖြစ်တတ်တယ်လို့ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။
အရင်တကြိမ် ထိုးနှံခဲ့တုန်းက ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ (ဒါမှမဟုတ်) ပြင်းထန်တဲ့ ဓာတ်မတည့်ဖြစ်ခဲ့သူတွေ၊ ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပစ္စည်းတမျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) နဲ့ ပြင်းထန်တဲ့ ဓာတ်မတည့်တာ ဖြစ်ဖူးသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ကာကွယ်ဆေးမထိုးပေးဘူးလို့ သူက ဆိုပါတယ်။
ပြီးတော့ လတ်တလော ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကလေးတွေ၊ တီဘီရောဂါအတွက် ဆေးသောက်နေဆဲ ၂ လ မကျော်သူတွေ၊ နားအလယ်ခန်း ရောင်ရမ်းတဲ့ ဝေဒနာခံစားနေရတဲ့ ကလေးတွေ၊ Prednisolone ဒါမှမဟုတ် Hydrocortisone Steriods ဆေးတွေကို ရေရှည်သောက်သုံး၊ ထိုးနှံနေရတဲ့ ကလေးတွေ၊ မွေးရာပါ (ဒါမှမဟုတ်) ရောဂါကြောင့် (ဒါမှမဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ် ကျဆင်းနေသူတွေ၊ AIDS ရောဂါလက္ခဏာတွေ ပေါ်ပေါက်တဲ့အထိ ခံစားနေရသူတွေ၊ ကုသမှုခံယူပြီး ဆေးသောက်နေပေမယ့် အတက်ရောဂါ မကြာခဏဖြစ်နေသူတွေကို ရက်ရွှေ့ဆိုင်းပြီးမှ ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ ထိုးနှံ ပေးသင့်တယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာတော့ နည်းနည်းနေမကောင်းဖြစ်နေသူတွေကိုလည်း ဆေးမထိုးမပေးသေးဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဆေးထိုးပြီး မူးမော်တာတွေ လျော့ဖို့အတွက် ကလေးတွေ ကာကွယ်ဆေးမထိုးခင်မှာ အစာ အရင်ကျွေးထားဖို့၊ ဆေးထိုးပြီး ကလေးကိုတော့ ဂက်စ်မပါတဲ့ အချိုရည် ဒါမှမဟုတ် ရေတိုက်နိုင်တဲ့ အကြောင်းနဲ့ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ကတော့ ကလေးတွေကို နေပူကျဲကျဲ အောက်မှာ အကြာကြီး တန်းစီစောင့်ဆိုင်းနေရတာမျိုး မဖြစ်အောင်လို့ ကူညီပေးစေလိုကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက မေတ္တာရပ်ခံထားပါတယ်။
တနိုင်ငံလုံးမှာ အသက် ၉ လကနေ ၁၅ နှစ်အရွယ်ကလေးလူငယ် သိန်း ၁၄၀ ကျော်ကို ဆေးထိုးပေးဖို့ စီစဉ်ထားပြီး နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကလေး ၈၁ သိန်းကျော် ထိုးခဲ့ပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။