မီးပူဖြင့် အကပ်ခံရသည့်အမှု ရဲက လျစ်လျူရှု
အေးနိုင်
·
April 10, 2012
ပဲခူးမြို့မှာ ရှေ့နေအမျိုးသမီးတဦးက သူ့ရဲ့ အိမ်ဖော်ကလေးငယ်ကို မီးပူနဲ့ကပ်လို့ ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်း ပြည်တွင်းဂျာနယ်မှာ ပါလာပေမယ့် အရေးမယူဘူးလို့ လိုက်ပါကူညီနေသူတွေက ပြောပါတယ်။
ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ရှေ့နေ ဒေါ်ဖြူဝင်းသက်က အသက် ၁၅ နှစ်အရွယ်ရှိ အိမ်ဖော် မအေးယုအောင်ကို မီးပူတိုက်တာ ကြာလို့ဆိုပြီး မီးပူနဲ့ကပ်တာ လည်ပင်းမှာ ဒဏ်ရာရတဲ့အကြောင်း ကလေးမလေးရဲ့ ပြောပြချက်ကို ကိုးကားပြီး ဂျာနယ်သတင်းထောက် ကိုရဲက ရေးသားခဲ့တာပါ။
သူတို့ဇနီးမောင်နှံဟာ ပဲခူးမြို့ ဥဿာမြို့သစ်၊ အမှတ် ၇ ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင် အိမ်မှာ ငှားနေကြတာဖြစ်တဲ့အတွက် အရှိန်အဝါတွေကြောင့် အမှုမလုပ်ရဲအောင် ဖြစ်နေတာလို့ ပတ်ဝန်းကျင်က ဝေဖန်နေပါတယ်။
ကလေးမရဲ့လည်ပင်းမှာ ဒဏ်ရာကျက်နေတဲ့ပုံကို ဓာတ်ပုံနဲ့တကွ ဧပြီ ၄ ရက် နေ့စွဲနဲ့ ပြည်တွင်းဂျာနယ်တခုမှာ ပါပြီးတဲ့နောက် ရဲကစုံစမ်းတယ်လို့ သိရပေမယ့် အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မရှိဘူးလို့ လိုက်ပါကူညီနေသူတွေက ပြောပါတယ်။
ဒီလို အနာတရဖြစ်အောင် လုပ်ခဲ့တာကို အပြင်ကို မပြောဖို့ ကလေးကိုပါ ခြိမ်းခြောက်ခဲ့သေးတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။ ပဲခူးမြို့က လူမှုရေး ကူညီပေးနေသူ ဦးကြည်လင်းက ကလေးကို ရဲစခန်း ကူညီပို့ဆောင်ပေးခဲ့ပေမယ့် အမှုမဖွင့်ဖြစ်ဘူးလို့ ပြောပါတယ်။
ရဲက တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ခေါ်မေးရာမှာ သူ့ဇနီးလုပ် မလုပ် သူမသိကြောင်း ဖြေကြားပြီး ကလေးမလေး မနစ်နာရလေအောင် ဆောင်ရွက်မယ့် အကြောင်းနဲ့ ကလေးမရဲ့ မိဘတွေရှိရာ ပဲခူးမြို့ ကျောက်ကြီး ကျေးရွာကို ပို့ဆောင်ပေးဖို့ ဦးအောင်ဖုန်းဝင်းက ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒီမနက် ၁၁ နာရီခွဲခန့်မှာတော့ သတင်းထောက်ကိုရဲက ဒီသတင်းအတွက် တရားသူကြီး ဦးအောင်ဖုန်းဝင်းထံကို သွားရောက်မေးမြန်းရာမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တစုံတရာ ပြောဖို့မရှိကြောင်း ဖြေဆိုခဲ့တယ်လို့ ကိုရဲက ပြောပါတယ်။
“နောက်ဆုံးအခြေအနေက အခု တရားသူကြီးနဲ့ ဝင်တွေ့လာတယ်။ ကျနော်မေးတဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ငြင်းဆန်တယ်။ အဲဒါ နောက်ဆုံး အခြေအနေပဲ။”
ဒီကိစ္စကို အမှုဖွင့် မဖွင့် အမှတ် ၃ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျတဦးက ဒီအမှု ဒီကိုလည်း လာမတိုင် အမှုလည်း မဖွင့်ထားပါဘူးလို့ ဖြေပါတယ်။
လူမှုရေး လိုက်ပါကူညီနေသူ ဦးကြည်လင်းကတော့ ဒီအမှုမျိုးမှာ ရဲကသိရင် တရားလိုအဖြစ် လိုက်ပါဆောင်ရွက်ရမယ်လို့ ယုံကြည်နေပါတယ်။
“ဒီအမှုတွေက တရားလိုမရှိရင် ရဲကတရားလို လုပ်ရမယ်ဆိုတာ ကျနော်တို့လည်း အရင်က သဘောသိပ်မပေါက်ဘူး။ အခုမှ သဘောပေါက်တယ်။ အဲဒီလို ပြဌာန်းထားတယ်ဆိုရင် ရဲအနေနဲ့ လုပ်သင့်တယ်လို့ ထင်တာပေါ့။”
မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လိုက်ပါ ဆောင်ရွက်ဖို့ကို ဦးကြည်လင်းက လိုလားနေပြီး မကြာခင် မအေးယုမော်နဲ့ မိဘတွေဆီ လိုက်မေးပြီး အမှုမှန်ပေါ်အောင် ကူညီမယ်လို့ ပြောပါတယ်။
နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရလို့ အခါအခွင့်သင့်တိုင်း ပြောပါတယ်။
မနှစ်ကလည်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ အမျိုးသမီးတဦးကို ဆယ်စုနှစ်နဲ့ချီပြီး အိမ်တွင်းထားပြီး ခိုင်းစေတဲ့သတင်း မီဒီယာတွေမှာ ပါပေမယ့် ကာယကံရှင်တဦးမှ တရားတဘောင် ရင်ဆိုင်ရခြင်း မရှိပါဘူး။