A d v e r t i s e m e n t With Us

အာဏာရှင်ဟောင်း မူဂါဘီကို တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပေးမှု ဟရာရေ လူထုထောက်ခံ

အာဏာရှင်ဟောင်း မူဂါဘီကို တရားစွဲဆိုခြင်းကနေ ကင်းလွတ်ခွင့်ပေးတဲ့ကိစ္စကို မြို့တော် ဟရာရေက လူတွေက ထောက်ခံခဲ့ကြပါတယ်။ မူဂါဘီ သမ္မတရာထူးကနေ စွန့်ပေးဖို့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ခဲ့တဲ့ကိစ္စနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ မူဂါဘီကို တရားစွဲဆိုခံရမှုကနေ ကင်းလွတ်ခွင့်ပေးခံသလို၊ ဇင်ဘာဘွေနိုင်ငံမှာပဲ နေထိုင်မယ့် သူ့ရဲ့ လုံခြုံရေးကို အာမခံပေးခဲ့တယ်လို့ ပြောကြားပါတယ်။ နိုဝင်ဘာ ၂၁ ရက် အာဏာစွန့်ခဲ့တဲ့ မူဂါဘီဟာ “သူဟာ ဇင်ဘာဘွေနိုင်ငံမှာပဲ ခေါင်းချလိုပြီး၊ ပြည်ပနိုင်ငံမှ နေထိုင်ဖို့ အစီအစဉ်မရှိဘူး” လို့ ဆွေးနွေးညှိနှိုင်းသူတွေကို ပြောကြားခဲ့ပါတယ်။ “သမ္မတ မူဂါဘီကတော့ အာဏာစွန့်လိုက်ပါပြီ။ ဒါပေမယ့် သူ့အပေါ် အဆိုးတွေ ကျရောက်တာမျိုး ကျမတို့ မလိုလားပါဘူး။ ဘာလို့လဲဆိုတော့ သူက ဒီနိုင်ငံအတွက်တိုက်ခိုက်ပေးခဲ့သူပါ။ အားလုံးမှားတတ်ကြတာပဲလေ။ သူက အသက်လည်းကြီးပြီ၊ အနားယူသင့်ပါပြီ။ သူ့ ဘယ်လိုနည်းလမ်းနဲ့မှ နှိပ်စက် နာကျင်မှု မခံစားရသင့်ပါဘူး။ သူက တိုင်းပြည်အတွက်တိုက်ခိုက်ပေးခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲမှာ သူပါဝင်ခဲ့တယ်။ သူ့နားက လူတွေရဲ့ အဆိုးတွေ လွှမ်းမိုးခံလိုက်ရလို့ပါ။ ဒါပေမယ့် သူအနားယူမှတော့ဖြစ်မယ်။” လို့ ဟာရာရေမြို့နေ တန်ဘီတန်ဘီက ပြောကြားသွားတာပါ။ “ကျနော်တို့ယုံကြည်တာက သူ့နဲ့ သူ့မိသားစုကို လွှတ်ပေးသင့်ပါတယ်။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တာဝန်ခံမှုရှိသင့်တယ်လို့လည်း ယူဆကြတဲ့လူတွေရှိပါတယ်။ ဒီမှာ ဖြစ်ခဲ့တာ အများကြီးပါ။ လူတွေ ဖိနှိပ်ခံခဲ့ရတယ်။ မကောင်းတာတွေ အများကြီးဖြစ်ခဲ့တယ်။ ပြည်သူတွေနဲ့ ဆန့်ကျင်တဲ့၊ ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေအမျိုးမျိုးပြဋ္ဌာန်းခဲ့တယ်။ ဒီတော့ ပြည်သူတွေဟာ သူ့ပြောတာ ကြားချင်နေကြတယ်။ သူ တီဗွီကနေဖြစ်ဖြစ် တနိုင်ငံလုံးကို တောင်းပန်စကား ပြောကြားသင့်တယ်။ သူ နောင်တရတဲ့ စကားမျိုးပြောသင့်တာပေါ့။ ဒါမှ ဒီနိုင်ငံမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး လူတွေစိတ်ထဲမှာ တရားမျှတတယ်လို့ခံစားရမှာ၊ အမြင်ရှင်းသွားမှာ။” လို့ ဟရာရေမြို့ခံ ဆရာဝန်တဦးဖြစ်တဲ့ မာကွီရီရီက ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up