ကုန်ပစ္စည်းအရည်သွေးစစ်ဆေးချက် လိမ်လည်ခဲ့ဟု မစ်ဆူဘီရှိဝန်ခံ၊ ရှယ်ယာဈေးနှုန်း ကျဆင်း

2.6K
ဂျပန်နိုင်ငံရဲ့ အကြီးစားစက်မှုကုမ္ပဏီကြီးဖြစ်တဲ့ မစ်ဆူဘီရှီထုတ် ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လိမ်လည်ခဲ့တယ်လို့ ဝန်ခဲ့ပြောကြားအပြီးမှာ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ ၁၁ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။
တိုက်လေယာဉ်၊ မော်တော်ကားနဲ့ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းတွေမှာ တင်ဆင်သုံးစွဲတဲ့ ပစ္စည်းအစိတ်အပိုင်းတွေရဲ့ အရည်အသွေး စစ်ဆေးမှုအချက်အလက်တွေကို လိမ်လည်ခဲ့တယ်လို့ မစ်ဆူဘီရှီကုမ္ပဏီက ထုတ်ဖော်ပြောကြားလိုက်တာပါ။
အခုကိစ္စနဲ့ပတ်သက်ပြီး ဂျပန်ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ဟီရိုရှီဂီဆီကို က “ကျနော်တို့ဟာ အရင်က နစ်ဆန်း၊ ကိုဘေး စတီးကုမ္ပဏီနဲ့ ဆူဘာရူး ကုမ္ပဏီတွေရဲ့ အရှုပ်တော်ပုံတွေရှိနေချိန်မှာ အခုလို နောက်ထပ် မမှန်မကန်လုပ်ရပ်ကို တွေ့လိုက်ရတာ တော်တော် ဝမ်းနည်းစရာကောင်းပါတယ်။ ဒီလို မမှန်မကန်လုပ်ရပ်ဟာ ဂျပန်ကုန်ထုတ်လုပ်ငန်းမှာ ရှိတဲ့ ယုံကြည်မှုကို သစ္စဖောက်လိုက်တာပါ။ တနိုင်ငံလုံးက ကုန်ထုတ်လုပ်ငန်းတွေအနေနဲ့ ဒီလို သစ္စာမဲ့မှုမျိုးကို ကာကွယ်သွားပါလို့ ကျနော်တို့ ဝန်ကြီးဌာနက တိုက်တွန်းပါတယ်။” လို့ ပြောပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီ အိုနိုဒီရက “ဒီလို မမှန်မကန် လုပ်ရပ်ကို မစ်ဆူဘီရှီ ကုန်ထုတ်လုပ်ငန်းက ကျူးလွန်ခဲ့တာ တော်တော် စိတ်ပျက်စရာကောင်းပါတယ်။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စအသေးစိတ်အချက်အလက်တွေတင်ပြဖို့ ကုမ္ပဏီကို တောင်းဆိုထားပါတယ်။ အချက်အလက်တွေအပြင် စစ်လက်နက်ပစ္စည်းတွေ၊ အချက်အလက် လွဲမှားရတဲ့အကြောင်းရင်း၊ ဒီလိုအဖြစ် ထပ်မဖြစ်အောင်ကာကွယ်ဖို့ နည်းလမ်းတွေကိုပါ တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။
မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းရဲ့ ထုတ်ကုန်အချက်အလက်အရည်အသွေး လိမ်လည်ဖော်ပြခဲ့မှုကြောင့် ကုမ္ပဏီပစ္စည်းကို အသုံးပြုနေတဲ့ လုပ်ငန်း ၂၅၀ ကျော်လောက်ကို ထိခိုက်ခဲ့ရတယ်လို့လည်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။