Home
မြန်မာသတင်း
ပီနန်ဆရာတော်ဘုရားကြီးပျံလွန်၊ ဈာပန ဒီဇင်ဘာ ၃ ရက်နေ့ ကျင်းပမည်
DVB
·
November 24, 2017
မလေးရှားနိုင်ငံ ပီနန်မြို့ရှိ ဓမ္မိကာရာမ မြန်မာဘုန်းကြီးကျောင်းတိုက်မှာ သီတင်းသုံးတော်မူတဲ့ သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသဟာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် မနက်အစောပိုင်းက ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်။ ကျောက်ကပ်ဆေးဖို့ ဆေးရုံကို ပုံမှန်ကြွရောက်လေ့ရှိတဲ့ ဆရာတော်ဘုရားကြီးဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရာကနေ ဒီကနေ့ မနက် ဒေသစံတော်ချိန် မနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ ပျံလွန်သွားခဲ့တာလို့  ဆရာတော်ရဲ့ကျောင်းမှာ အကျိုးဆောင်ပေးနေတဲ့ ဦးမျိုးကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။ ဆရာတော်ဟာ ပျံလွန်ချိန်မှာ သက်တော် ၉၀ ၀ါတော် ၇၀ ရှိနေပြီဖြစ်ပြီး မလေးရှားနိုင်ငံ ပီနန် အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံတွေကို လှည့်လည်ကြွရောက်ကာ ဆယ်စုနှစ်များစွာ ဗုဒ္ဓသာသနာပြုခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကြီးရဲ့ ဈာပနကို လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပီနန်းမြို့မှာ ကျင်းပဖို့  သံဃာတော်တွေနဲ့ ဒေသခံ ပရဟိတအသင်းတွေ တိုင်ပင်နေတယ်လို့ သိရပါတယ်။ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းကာလလည်း ပြည်တွင်းမှာ ဘုရားသားတော် သံဃာတွေကို စစ်အစိုးရက ရက်ရက်စက်စက် နှိပ်စက် ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန် တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက်ဟာလည်း ပီနန်ဆရာတော်ဘုရားကြီး မူလပဓာန နာယကအဖြစ် ဦးစီးတည်ထောင်ခဲ့တဲ့ ကျောင်းတိုက်တခု ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024