တောင်တရုတ်ပင်လယ်အတွင်း တရုတ်လေယာဉ်များ ကင်းလှည့်

ဓာတ်ပုံ - SCMP
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တိုက်ခိုက်ရေး လေကြောင်း ကင်းလှည့်ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရက နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြောပါတယ်။ ဗုံးကြဲလေယာဉ်အမျိုးမျိုးပါတဲ့ လေယာဉ်အုပ်က ပုံမှန်ကင်းလှည့်မှု ပြီးဆုံးပြီလို့လည်း လေတပ်ပြောခွင့်ရ ချန်ကျင်းခေါက ပြောပါတယ်။ ကွမ်ကျိုးပြည်နယ် လေဆိပ်က ပျံတက်လာတဲ့ ဗုံးကြဲလေယာဉ်တွေက မီယာကို ရေလက်ကြားကို ဖြတ်ပြီး ပျံသန်းခဲ့တယ်၊ ကျွန်းစုထဲက ပထမဆုံး ကျွန်းစုတန်းပေါ်ကနေ ဖြတ်ပျံတဲ့ စစ်ဆင်ရေးဖြစ်တယ်၊ H-6K ဗုံးကြဲလေယာဉ်တွေဟာ ဘာရှီရေလက်ကြားကို ဖြတ်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်အပေါ်မှာ ပြန်ပြီး အုပ်ဖွဲ့ပျံသန်းခဲ့တယ်၊ စစ်လေယာဉ်တွေအားလုံး အဲဒီနေ့မှာပဲ သင်တန်းဆင်းပြီး ကင်းလှည့်စစ်ဆင်ရေးလည်း ပြီးဆုံးတယ်လို့ တရုတ်လေတပ် ပြောခွင့်ရက ဆိုပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်စ်က လေတပ်အနေနဲ့ ပင်လယ်တွေအပေါ်မှာ လေကြောင်းစိန်ခေါ်မှု ဖြစ်နိုင်ချေကို ပိုကောင်းကောင်း ကိုင်တွယ်နိုင်ရေး ကင်းလှည့်ဖို့နဲ့ တိုက်ခိုက်ဖို့အသင့် သင်တန်းပေးဖို့၊ တိုက်ခိုက်ရေးအသားပေး သင်တန်းပေးဖို့ ညွှန်ကြားခဲ့တယ်လို့လည်း လေတပ်ပြောခွင့်ရက ပြောပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဟာ လေပိုင်နက် နယ်ပယ်အားလုံး အပေါ်မှာ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခေတ်မီဗျူဟာကို ပြောင်းလဲကျင့်သုံးနေတယ်၊ လေတပ်ရဲ့ တပ်ဖွဲ့ဝင်စစ်သည် အယောက် လေးသိန်းလုံးက ခေတ်သစ်အတွက် သူတို့တာဝန်ကို စိတ်ထဲမှာ စွဲမှတ်ထားတယ်၊ တိုက်ခိုက်ရေး၊ ကာကွယ်ရေးနဲ့ အင်အားသုံးနိုင်စွမ်းကို တိုးမြှင့်ဖို့ ပိုပြင်းပြင်းထန်ထန် အလုပ်လုပ်နေတယ်၊ ဒါဟာ နိုင်ငံတော်အချုပ်အခြာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုကောင်းကောင်းကာကွယ်ဖို့ပဲလို့လည်း သူက ပြောပါတယ်။ တရုတ်လေတပ်ဟာ ပင်လယ်ပြင်ပျံသန်းမှု ပုံမှန်သင်တန်းတွေကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

More News
Up