ငွေကြေးအခက်အခဲကြောင့် တပြိုင်တည်း သေကြောင်းကြံခဲ့ကြသည့် ဇနီးမောင်နှံ

ဓာတ်ပုံ - ထိုင်းရတ်
ထိုင်းနိုင်ငံမှ ဇနီးမောင်နှံ စုံတွဲတတွဲဟာ ငွေကြေးအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာကြောင့် တပြိုင်တည်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြတယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၄၆ နှစ်အရွယ် ဒေးဗစ် ဂတ်ဖ်ရွိုင်းက ပြင်သစ်နိုင်ငံသားဖြစ်ပြီး ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဆိုင်ဖွန်ဂတ်ဖ်ရွိုင်းကတော့ ထိုင်းနိုင်ငံသူဖြစ်ကာ ကျေးလက်ဒေသဖြစ်တဲ့ ဥထိုင်းဌာနီခရိုင်ထဲမှာ နေထိုင်ကြတာပါ။ သူတို့ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး ခု သေဆုံးမှုမှာတော့ မူးယစ်ဆေးတွေလည်း အလွန်အကျွံ သုံးစွဲထားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ မသေခင်ရေးထားခဲ့တဲ့ ဂတ်ဖ်ရွိုင်းရဲ့စာထဲမှာတော့ ပြင်သစ်ဘာသာနဲ့ “ငါ့အဖေ ထိုင်းကို ပိုက်ဆံမပို့တာ တော်တော့်ကိုကြာနေပြီ။ ငါ့မှာ ပိုက်ဆံမရှိဘူး” လို့ ရေးထားခဲ့တာကို တွေ့ရပါတယ်။ ဇနီးဖြစ်တဲ့ ဆိုင်ဖွန်ရဲ့ မသေခင်ရေးထားခဲ့တဲ့ စာရွက်ထဲက စာသားတွေကတော့ ပိုပြီး ကရုဏာသက်စရာ ဖြစ်နေခဲ့ပါတယ်။ သူက သူတို့ဇနီးမောင်နှံဟာ တယောက်နဲ့တယောက် ချစ်ခင်မြတ်နိုးကြသူတွေဖြစ်ပြီး ခုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွန်ပြီး နောက်ဘဝမှာလည်း အတူတကွ ရှိချင်တယ်လို့ ဖော်ပြထားကာ သူ့အနေနဲ့ ခင်ပွန်းဖြစ်သူကို အမြဲဆက်ချစ်သွားမယ်လို့ ရေးခဲ့တာပါ။ ရဲတွေဟာ သူတို့ဇနီးမောင်နှံရဲ့ နေအိမ်ကို ရောက်ရှိခဲ့ချိန်မှာ သူတို့ ၂ ဦးစလုံးဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက သေဆုံးနှင့်ပြီး ဖြစ်နေခဲ့တာကို တွေ့ရှိခဲ့ရတာပါ။ သူတို့နားမှာတော့ စိတ်ကျရောဂါ ခုခံကာကွယ်ရေး ဆေးလုံးတွေကို လက်ထဲမှာ ဆုပ်လျက်သားတွေ့ရပြီး ဆိုင်ဖွန်ကို စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့ ရက်ချိန်းစာရွက်ကိုပါ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတဦးအနေနဲ့ ဇနီးဖြစ်သူကို ထောက်ပံ့မပေးနိုင်လို့ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up