နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများရှိရာ အကျဉ်းစခန်းကို ပါပူဝါနယူးဂီနီရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဓာတ်ပုံ - ရိုက်တာ
2.5K
ပါပူဝါနယူးဂီနီ ရဲတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေရှိရာ အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ခိုလှုံခွင့် တောင်းခံသူတချို့ ခေါင်မိုးတွေပေါ်တက်ပြေး၊ တချို့က သန့်စင်ခန်းထဲ ဝင်ပြေးကြပြီး ရဲတွေကို ရှောင်ရှားကြပါတယ်။
ခိုလှုံခွင့်တောင်းခံသူတွေဟာ သြစတြေးလျနဲ့ ပါပူဝါနယူးဂီနီ အစိုးရတို့က မန်နုကျွန်း အကျဉ်းစခန်း ပိတ်ပစ်တာကို အာခံပြီး ၂၂ ရက်ကြာ ဆက်လက်နေထိုင်နေကြတာပါ။
အဲဒီလို စီးနင်းတာဟာ ခိုလှုံခွင့်တောင်းခံသူတွေကို တခြားနေရာက စခန်းကို ပို့ဆောင်ဖို့ဖြစ်တယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ပီတာဒပ်တန်က ပြောပါတယ်။
မန်နုကျွန်းအကျဉ်းသားအဖြစ် ၄ နှစ်ကြာနေခဲ့သူ ကာ့ဒ်လူမျိုး ဂျာနယ်လစ် ဘူချန်နီက ခိုလှုံခွင့်တောင်းခံသူတွေဟာ အဲဒီအကျဥ်းစခန်းကနေ ထွက်ခွာဖို့ ငြင်းဆန်နေကြတယ်လို့ ရိုက်တာသတင်းဌာနကို မက်ဆေ့ခ်ျပို့ပြီး ပြောကြားခဲ့ပါတယ်။