ယူရိုပါလိဂ်ပွဲစဉ် အဲဗာတန် ၁ – ၅ အတ္တလန္တာ (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် အုပ်စု အီး က အဲဗာတန်နဲ့ အတ္တလန္တာတို့ မနေ့ညက ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အတ္တလန္တာက ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ ပရီးမီးယားလိဂ်မှာ အခြေမလှဖြစ်နေလို့ နည်းပြအထုတ်ခံရပြီး ယာယီနည်းပြနဲ့ ခရီးဆက်နေရတဲ့ အဲဗာတန်အသင်းဟာ ယူရိုပါလိဂ်မှာလည်း ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ အဲဗာတန်ဟာ ရွန်နီ၊ မီရာလက်၊ ရာမီရက်ဇ်၊ အက်ရှ်လေဝီလီယံစ်၊ ဒေဗီးစ် စတဲ့ အဓိက ကစားသမားတချို့နဲ့ အရန်ကစားသမားတချို့တွဲပြီး ပွဲထွက်လာခဲ့တာပါ။ အိမ်ကွင်းမှာယှဉ်ပြိုင်ရပေမယ့်လည်း အဲဗာတန်ဟာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အတ္တလန္တာအတွက် ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်နဲ့ ၆၃ မိနစ်မှာ ခရစ္စတန်တီ၊ ၈၆ မိနစ်မှာ ဂိုဆန်စ်၊ ၈၈ မိနစ်နဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ကော်နယ်လီးယပ်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ အဲဗာတန်အတွက် တလုံးတည်းသော နှစ်သိမ့်ချေပဂိုးကိုတော့ ပွဲချိန် ၇၁ မိနစ်မှာ ရာမီရက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ဒီအုပ်စုက တခြားပွဲစဉ်ဖြစ်တဲ့ ပြင်သစ်ကလပ် လိုင်ယွန်နဲ့ ဆိုက်ပရပ်စ်ကလပ် အပိုလွန်တို့ ပွဲစဉ်မှာတော့ လိုင်ယွန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီအုပ်စုမှာ ငါးပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ အတ္တလန္တာနဲ့ လိုင်ယွန်က ရမှတ် ၁၁ မှတ်စီ တူညီပေမယ့် ဂိုးကွာခြားချက်အရ အတ္တလန္တာက အုပ်စု ပထမ၊ လိုင်ယွန်က အုပ်စု ဒုတိယနေရာကနေ နောက်တဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ အုပ်စု တတိယနေရာမှာတော့ အပိုလွန်က ရမှတ် ၃ မှတ်နဲ့ ရပ်တည်နေပြီး အဲဗာတန်ကတော့ ရမှတ် ၁ မှတ်နဲ့ အောက်ဆုံးမှာ ရှိနေကာ နှစ်သင်းစလုံး နောက်တဆင့်တက်ဖို့ မျှော်လင့်ချက်မရှိတော့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up