မန္တလေးသင်္ကြန်တွင် သံချပ်များ တကျော့ပြန်လာပြီ
ပီတာအောင်
·
April 10, 2012
ဒီနှစ် မန္တလေးသင်္ကြန်တွေမှာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေနဲ့ချီ ငုပ်လျှိုး ပျောက်ကွယ်သွားခဲ့တဲ့ သံချပ် ပြန်လည်အသက်သွင်းတဲ့အနေနဲ့ လူရွှင်တော် နှုတ်ခမ်းမွေး၊ ပါပါလေးနဲ့ လူရွှင်တော်တို့ဟာ ဒီနှစ်သင်္ကြန်မှာ အလှပြယာဉ်နဲ့သံချပ်အဖွဲ့ထွက်ပြီး မြို့တွင်းလှည့်လည်ဖျော်ဖြေဖို့ လေ့ကျင့်နေကြတယ်လို့ ပြောပါတယ်။
သံချပ်တွေထဲမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့တရားဥပဒေရေးရာ ကိစ္စတွေ စတဲ့ ခေတ်စနစ်အခြေအနေကို ထင်ဟပ်တဲ့ သံချပ်တွေ ပါဝင်တယ်လို့နှုတ်ခမ်းမွှေး ပါပါလေးအဖွဲ့ဝင် လူရွှင်တော် ဦးလူမော်က ပြောပါတယ်။
“မန္တလေးပြည်သူတွေက သံချပ်ကို မျှော်နေကြတယ်။ အဲဒီတော့ လူရွှင်တော်ပါပါလေးက သူ့သူငယ်ချင်း လူရွှင်တော်တွေနဲ့ စုစည်းပြီး သံချပ်အဖွဲ့ထွက်မယ်။ မကြားရ၊ မမြင်ရတာကြာတဲ့ သံချပ်အဖွဲ့ကို ပြည်သူတွေ မျှော်နေကြတယ်။”
ဒီသံချပ်အဖွဲ့မှာ လူရွှင်တော် သပြေဂျာအေး၊ ဦးဒီပါ၊ အောင်ခိုင်တို့ ပါဝင်ပြီး သင်္ကြန် အကြိုနေ့မတိုင်ခင် တရက်ကစပြီး မန္တလေးမြို့ထဲ လှည့်လည်ဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကားလောင်စာဆီဈေး အခက်အခဲနဲ့ ကုန်ကျစရိတ် များတဲ့အတွက် နေ့တိုင်း သံချပ်ကား ထွက်နိုင်ဖို့အခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။
မန္တလေးမြို့ဟာ မြန်မာ့ရိုးရာ အတာသင်္ကြန် ယဉ်ကျေးမှုရဲ့ အချက်အခြာ နေရာဖြစ်ပြီး တချိန်က ဗိုလ်သခင်ဆရာ၊ ဒဿဂီရိ၊ ညောင်ပင်သာက ဆိုးပေ၊ ရွာလယ်က အာကျယ်၊ ဖိုးသကြား၊ ဒိုးဒိုးဒေါက်ဒေါက်၊ ပျိုးခင်းလူငယ် စတဲ့ နာမည်ကြီး သံချပ်အဖွဲ့တွေနဲ့ ညဘက် အလှပြယာဉ်တွေနဲ့ စည်းကားခဲ့ဖူးပါတယ်။
စာရေးဆရာ ဆူးငှက်ကတော့ သင်္ကြန်မှာ သံချပ်သံ မကြားရတာ ကြာပြီဖြစ်တဲ့အကြောင်းကို သံင်္ကြန်နဲ့ သံချပ်ဆိုတာ ခွဲခြားမရဘူးလို့ ပြောပါတယ်။
“နှစ် ၃၀ ကျော်ရှိခဲ့ပြီ။ သင်္ကြန်နဲ့ သံချပ်ဆိုတာ ခွဲမရဘူး ရှိသင့်ရှိထိုက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သင်္ကြန်ဆိုတာက အများလူထု ကိုယ်စားပြုပြီး လူတဦးချင်း လွတ်လပ်စွာ ပါဝင်ဆင်နွှဲရမယ့် ပွဲတော်ကို။ သင်္ကြန်ကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ လက်ဝါးကြီးအုပ်ထားလို့မရဘူး။ အားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ သံချပ်အဖွဲ့လည်း အတိုင်းအတာတခုထိ ပါရတာပေါ့။ အရင်တုန်းက နာမည်ကြီးတာက သံချပ်အဖွဲ့ သုံးလေးဆယ်လောက်ထိ ရှိတာဗျ။”
အလားတူ မန္တလေးမြို့ခံ စာရေးဆရာတွေဖြစ်တဲ့ စိုးအောင် (မန္တလေး)၊ ဆရာခင်အောင်ဝင့်၊ ဆန်းဝင်းရှိန် (သမိုင်း) စသူတို့နဲ့ ကဗျာဆရာတချို့လည်း တော်ရိလျော်ရိ သင်္ကြန်သံချပ်အဖွဲ့ကို ဖွဲ့ပြီး သံချပ်တွေနဲ့ ဖျော်ဖြေကြမယ်လို့ သိရပါတယ်။ မန္တလေး မြို့မဂီတအသင်းကလည်း ခါတိုင်းနှစ်တွေလို အလှပြယာဉ်ထွက်ဖို့ အစီအစဉ် ရှိနေပါတယ်။
မန္တလေး ကျုံးပတ်လည်မှာတော့ ရေပက်သင်္ကြန်မဏ္ဍပ်တွေ စတင်ဆောက်လုပ်နေပြီး နာမည်ကြီးတီးဝိုင်းတွေနဲ့ အဆိုတော်တွေလည်း ဖျော်ဖြေကြမယ်လို့ မြို့ခံတွေက ပြောပါတယ်။