A d v e r t i s e m e n t With Us

ထောင်ဒဏ်ကျခံနေရသည့် လိင်ကုန်ကူးခံရသူ မိန်းကလေး လွတ်မြောက်ရန် တောင်းဆို

ဓာတ်ပုံ - ကင်မ်ကာဒက်ရှန်တွစ်တာ။
လိင်ကုန်ကူးခံရပြီး နှိပ်စက်ညှဉ်းပန်းခဲ့သူကို သတ်ခဲ့တဲ့ မိန်းကလေး အကျဉ်းထောင်က လွတ်မြောက်ဖို့ နာမည်ကြီးအဆိုတော် ရီဟားနားနဲ့ မော်ဒယ် ကင်မ်ကာဒက်ရှန်တို့က တောင်းဆိုလိုက်တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၂၂ ရက်က ဖော်ပြလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စင်တိုရီရာ ဘရောင်းဟာ အမေရိကန်နိုင်ငံမှာ လိင်ကုန်ကူးခံခဲ့ရပြီး သူမကို ညှဉ်းပန်းနှပ်စက်ခဲ့သူ ဂျွန်နီအလန်ကို ၂၀၀၄ ခုနှစ်တုန်းက သေနတ်နဲ့ပစ်သတ်ခဲ့လို့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံခဲ့ရတာပါ။ ဘရောင်းဟာ ကက်တ်သရုတ်လို့ခေါ်တဲ့ အမျိုးသားရဲ့ လိင်လုပ်သားအဖြစ် အဓမ္မခိုင်းစေခံခဲ့ရပြီးနောက် အလန်လို့ခေါ်တဲ့ အမျိုးသားထံ ရောင်းစားခြင်းခံခဲ့ရတာပါ။ အလန်က သူမကို တရွတ်တိုက်ဆွဲပြီး အဓမ္မပြုကျင့်ပြီးနောက် သတ်ပစ်မှာစိုးရိမ်ပြီး သေနတ်နဲ့ ပစ်ခဲ့တာလို့ ဘရောင်းက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် တရားစွဲဆိုသူတွေကတော့ ဘရောင်းဟာ အလန်ကိုသတ်ပြီး အလန်ရဲ့ ပိုက်ဆံအိတ်နဲ့ သေနတ်ကိုယူခဲ့လို့ ဓားပြမှုကျူးလွန်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။ ဒါကြောင့် ဘရောင်းကို လူသတ်မှု၊ ဓားပြမှု၊ ပြည့်တန်ဆာမှုတွေနဲ့ ထောင်ဒဏ် ၅၁ နှစ် ချမှတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ဘရောင်းအမှုအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပြီး ဒီရုပ်ရှင်ကို စတင်ပြကတည်းက နာမည်ကျော်အတော်များများက သူမ အကျဉ်းထောင်က လွတ်မြောက်ဖို့ တောင်းဆိုခဲ့ကြတာပါ။ ရီဟားနားက သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “တရားမျှတမှုဆိုတဲ့ အဓိပ္ပာယ်ကို ကျမတို့ တနည်းနည်းနဲ့ ပြောင်းလဲခဲ့ကြတာလား။ စနစ်က အဓမ္မပြုကျင့်သူတွေကို အထောက်အပံ့ပေးပြီး ခံရတဲ့သူကို ဘဝတခုလုံးစာ လွှင့်ပစ်ခံရတာက တခုခုတော့ ဆိုးဆိုးရွားရွားကြီး မှားနေပြီ” လို့ ရေးထားပါတယ်။ ကင်မ်ကာဒက်ရှန်ကလည်း သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဘရောင်းရဲ့ ရှေ့နေနဲ့ ဆက်သွယ်ခဲ့တယ်လို့ ပြောပြီး “ဒီအမှုကို ပြင်ဆင်နိုင်ဖို့ ဘာလုပ်နိုင်မလဲ” တိုင်ပင်ခဲ့တယ်လို့ ပြောထားပါတယ်။ ဘရောင်းဟာ တရားရင်ဆိုင်စဉ်မှာ အရွယ်ရောက်သူတဦး ဖြစ်နေပြီး အခုအချိန်မှာတော့ အကျဉ်းထောင်အတွင်း ဘွဲ့တခုရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူမဟာ တရားမျှတရေးစနစ်ကို ကူညီနေပြီး နှစ်သိမ့်ဆွေးနွေးသူ တဦးအဖြစ်လည်း ငွေကြေးမယူဘဲ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ သူမရဲ့ Me Facing Life ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ဒန်နီရယ်ဘားမန်းက ၇ နှစ်နီးပါး အချိန်ယူပြီး ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up