A d v e r t i s e m e n t With Us

ကလာဟဲနှင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သည့် ရန်ကုန်အသင်း မောင်မောင်လွင်ကို ခေါ်ယူ

အင်္ဂလန်ကလပ် ရှက်ဖီးလ်ယူနိုက်တက်အသင်းက ကရင်တိုင်းရင်းသား ကလာဟဲနဲ့ အပြောင်းအရွှေ့ အဆင်မပြေဖြစ်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို အစားထိုး ခေါ်ယူလိုက်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ကလာဟဲကို ခေါ်ယူဖို့အတွက် လစာ၊ လက်မှတ်ထိုးကြေး၊ ပုံရိပ်အသုံးပြုခွင့်နဲ့ ဆုကြေးပေးမယ့် ကိစ္စတွေအထိ အဆင်ပြေခဲ့ပေမယ့် နောက်ဆုံးအဆင့် ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်ခဲ့လို့ အပြောင်းအရွှေ့ ပျက်ပြယ်သွားတာပါ။ “လစာ၊ လက်မှတ်ထိုးကြေးနဲ့ အများစုက သဘောတူပြီးသားပါ။ စာချုပ်မူကြမ်းရေးပြီး သူ့ဆီပို့ဖို့ပဲ ကျန်တော့တာ။ ကွင်းလယ်မှာ နိုင်ငံခြားသားတဦးအနေနဲ့ ခေါ်ရမှာဖြစ်လို့ နောက်ထပ် ၃ ဦးပဲ ခေါ်ခွင့်ရတာကြောင့်ရယ်၊ တခြား သူ့ရဲ့အေးဂျင့်နဲ့ ညှိရမယ့်အချက်တွေ အဆင်မပြေခဲ့တာကြောင့် ခေါ်ဖို့ပျက်ပြယ်သွားတာပါ” လို့ ရန်ကုန်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကလာဟဲရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ မြန်မာစပယ်ရှယ် ဘောလုံးအေဂျင်စီက ကိုရဲနိုင်ဝင်းကတော့ ရန်ကုန်အသင်းနဲ့ အဆင်မပြေခဲ့ပေမယ့် တခြားမြန်မာကလပ်တွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ ပြောပါတယ်။ ကစားသမားကလည်း သူ့ရဲ့မျိုးနွယ်တွေရှိတဲ့ မြေမှာ ပြန်ကစားပြီး သူ့ကိုယ်သူ သက်သေပြဖို့၊ နိုင်ငံလက်ရွေးစင်အသင်းကို ကိုယ်စားပြုချင်တဲ့ စိတ်တခုတည်းနဲ့ မြန်မာကလပ်တွေ သုံးနိုင်တဲ့ ဘတ်ဂျက်အထိ သူ့တန်ဖိုးကိုချပြီး ညှိနှိုင်းပေးခဲ့တာပါ။ “ကစားသမားကတော့ ကျနော့်ကို အချိန်တပတ် ထပ်ပေးထားပါတယ်။ ကလာဟဲ မြန်မာပြည်လာကစားနိုင်တဲ့ ကလပ်အသင်း ၂ သင်း၊ ၃ သင်းလောက် ရှိပါတယ်။ ဒီတပတ်အတွင်း အဆင်မပြေရင်တော့ လစ်သူယေးနီးယားကလပ်ကိုပဲ သူ ပြန်ပြောင်းတော့မှာပါ” လို့ ကိုရဲနိုင်ဝင်းက ပြောပါတယ်။ ရန်ကုန်အသင်းဟာ ကလာဟဲကို ခေါ်ယူနိုင်ခြင်း မရှိတဲ့အတွက် ဟံသာဝတီယူနိုက်တက်က မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက အပြီးသတ် စာချုပ်ချုပ်ပြီး ခေါ်ယူခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ မောင်မောင်လွင်ကို ၃ နှစ်စာချုပ်ခဲ့တယ်လို့ သိရပြီး လစာနဲ့  ပြောင်းရွှေ့ကြေးကိုတော့ ထုတ်ဖော်ပြောလို့ မရဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up