Home
မြန်မာသတင်း
လွှတ်တော်များရပ်နား၊ ဥပဒေ ၇ခု အတည်ပြု
ရွှေအောင်
·
November 23, 2017
  ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ကို တစ်လကျော်ကြာ ကျင်းပခဲ့ပြီးနောက် ဒီနေ့မှာ ရပ်နားလိုက်ပြီး  ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်း ၇ခု အတည်ပြုနိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒီတကြိမ်လွှတ်တော်အတွင်းမှာ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို အတည်ပြုနိုင်ခဲ့တာဟာ သမိုင်းမှတ်တိုင်တခုလို့ ဆိုပါတယ်။ “အစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်း ၈၈ ခု မေးမြန်းဖြေကြားခြင်း ကြယ်ပွင့်မပြမေးခွန်း ၂၀၈ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဆို ၈ ခု တင်သွင်း နိုင်ခဲ့ပြီး အတည်ပြုအဆို ၄ ခု၊ မှတ်တမ်းတင်အဆို ၃ခုနဲ့ ဆက်လက်ဆွေးနွေးရန်ကျန် အဆို ၁ ခုတို့ ဖြစ်ပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း ၂၃ခု ရှိပြီး ဥပဒေကြမ်း ၇ ခု ကို အတည်ပြုနိုင်ခဲ့ပါတယ်။ အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေတွေထဲမှာ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တဘက်တလမ်းက အထောက်အကူပြုနိုင်တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ခြင်းဟာ ကျနော်တို့ လွှတ်တော်အခန်းကဏ္ဍအတွက် သမိုင်းမှတ်တိုင်တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။” လွှတ်တော်မှာဆွေးနွေးဖို့ ဥပဒေကြမ်း ၁၆ ခု ကျန်ရှိနေတယ်လို့လည်း ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက် ၆ ကြိမ်မြောက် ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်တရပ်မှာ ဗိုလ်ချုပ်ပုံငွေစက္ကူထုတ်ဖို့ အဆိုကို တပ်မတော်သားကိုယ်စားလှယ် အားလုံးက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ လွှတ်တော်ကိုစောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာရှေဆောင်အဖွဲ့က သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးက ဒီတကြိမ်လွှတ်တော်တွေမှာ ဥပဒေပြုရေးအပိုင်း အားနည်းခဲ့ပြီး ဗိုလ်ချုပ်ငွေ စက္ကူကိစ္စမှာ လုပ်ထုံးလုပ်နည်းနဲ့ လွဲချော်ခဲ့တယ်လို့ ပြောပါတယ်။ “ဥပဒေပြုရေးအပိုင်းမှာ လောက်လောက်လားလား များများစားစား ဒီ ၆ ကြိမ်မှာ အတည်ပြုတာ မရှိဘူး။ ဗိုလ်ချုပ်ပုံငွေစက္ကူကိစ္စမှာ သဘောမတူသူ မတ်တပ်ရပ်ပါဆိုပြီး ကြေညာ လိုက်တာမျိုးက တော်တော်များများ သတိမပြုမိတဲ့ ထူးခြားမှုတခုလို့ ပြောရမယ်။ လွှတ်တော်ရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းကနေ အနည်းငယ်သွေဖီသွားတဲ့ သဘောမျိုး တွေ့ရတယ်။” ၆ ကြိမ်မြောက် ပြည်သူနဲ့ အမျိုးသားလွှတ်တော်တွေကို အောက်တိုဘာ ၁၇ ရက်မှာ ပြန်လည်စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024