ခိုးယူခံခဲ့ရသည့် အချက်အလက်များ ဖျက်ဆီးရန် အူဘာကုမ္ပဏီမှ ဒေါ်လာတသိန်းပေး ခိုင်းစေ

ဓာတ်ပုံ - Getty Images
အူဘာ (Uber) အငှားကား သုံးစွဲသူ ၅၇ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံခဲ့ရပြီး အဲဒီအချက်အလက်တွေ ဖျက်ဆီးပစ်ဖို့ ဟက်ကာတွေကို ကုမ္ပဏီက ဒေါ်လာတသိန်းပေးပြီး ခိုင်းစေခဲ့တဲ့အပေါ် အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ် ရှေ့နေချုပ်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တကယ်လို့များ သုံးစွဲသူတွေရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေ ခိုးယူခံခဲ့ရရင် အူဘာကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေနဲ့ ရှေ့နေချုပ်ကို အကြောင်းကြားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီကတော့ ကားမောင်းသမားတွေနဲ့ သုံးစွဲသူ ၅၇ သန်းကျော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို တနှစ်ကြာ ခိုးယူတိုက်ခိုက်ခံခဲ့ရမှုကို ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဝန်ခံခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတည်းက ခိုးယူတိုက်ခိုက်ခံခဲ့ရတဲ့ အချက်အလက်တွေထဲမှာ သုံးစွဲသူတွေရဲ့ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတွေ ပါဝင်ပြီး ဘယ်နိုင်ငံတွေက ပါဝင်တယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ အူဘာက ပြောဖို့ ငြင်းဆန်ထားတာပါ။ ခုချိန်ထိ ခိုးယူခံခဲ့ရတဲ့ သတင်းအချက်အလက်တွေကို အလွဲသုံးစားလုပ် သုံးစွဲတာမျိုး သက်သေအထောက်အထား မတွေ့ရသေးဘူးလို့လည်း အူဘာရဲ့ စီအီးအို ဒါရာခေါ့စ ရိုရှာဟီက ပြောပါတယ်။ အဲဒီလို ခိုးယူခံရတဲ့ သတင်းအချက်အလက်တွေကို ဖျက်ဆီးဖို့ ဟက်ကာတွေကို ဒေါ်လာတသိန်း ပေးခဲ့တယ်လို့ အူဘာက ဝန်ခံလိုက်ပြီး သုံးစွဲသူတယောက်ယောက်ကို ထိခိုက်စေမယ့် ကိစ္စတွေ ဘာမှမဖြစ်ခဲ့ဘူးလို့လည်း ပြောခဲ့တာပါ။ ဗြိတိန်အာဏာပိုင်တွေကလည်း အူဘာကုမ္ပဏီက သတင်းအချက်အလက် ခိုးယူခံရတဲ့ကိစ္စကို ချက်ချင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ လူထုမသိအောင် ဖုံးကွယ်ထားလို့ ကုမ္ပဏီအနေနဲ့ ဒဏ်ငွေကြီးကြီးမားမား ဆောင်ရဖို့ရှိတယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။ ဗြိတိန်နိုင်ငံမှ အူဘာသုံးစွဲသူတွေအတွက် အခုဖြစ်နေတဲ့ ဆိုးရွားတဲ့ပြဿနာကို ခန့်မှန်းနိုင်ဖို့ သတင်းအချက်အလက် ကော်မရှင်နာရုံးနဲ့ အမျိုးသားဆိုင်ဘာ လုံခြုံရေးဌာနတွေ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

More News
Up