ရွှေကူမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
November 23, 2017
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၁၀၀ ကျော် ဖိုး ဖမ်းဆီးရမိခ့တယ်လို့ ဗန်းမော်ခရိုင် မှုခင်းနှိမ်နှင်ရေးမှ ဒုရဲအုပ် ဟိန်းဝေဇင်လတ်က ပြောပါတယ်။
ဗန်းမော်ခရိုင် မှုခင်းနှိမ်နှင်ရေးမှ ဒုရဲအုပ် ဟိန်းဝေဇင်လတ်၊ လုံခြုံရေးအကူတပ်ခွဲမှ ရဲတပ်သား ကျော်မင်းဦးနဲ့ တပ်ဖွဲ့ဝင်များ၊ ကျောက်ကြီး ရဲကင်းစခန်းက ဒုရဲအုပ် မင်းမင်းကို၊ ရွှေကူမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် အယ်လ်ထွန်းမြတ်၊ သက်သေ ရွှေဘုံသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါး သတင်းအရ နေအိမ် ရှာဖွေခွင့် ဝရမ်းအမှတ် (၃၁/၂၀၁၇) နဲ့ ရွှေဘုံသာကျေးရွာနေ ဒေါ်အေးအေးသင်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင် မှုခင်းနှိမ်နှင်ရေးမှ ဒုရဲအုပ် ဟိန်းဝေဇင်လတ်က “နေအိမ် အပေါ်ထပ် ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ စိတ်ကြွဆေးပြား ၃၀၀၀ ပြား စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၁၅၀ လောက် ရှိတယ်” လို့ ပြောပါတယ်။
ဗန်းမော်မြို့မရဲစခန်းက ဒေါ်အေးအေးသင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)