Home
မြန်မာသတင်း
မြန်မာဘက်ကရပ်တည်ပေးသည့်အပေါ် တရုတ်နိုင်ငံကိုကျေးဇူးတင်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
November 23, 2017
  ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာမျက်နှာစာထက် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးအထူးတင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်စစ်ဦးစီးချုပ်ကို ပြောပါတယ်။ တရုတ်နိုင်ငံကိုရောက်နေတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နဲ့  ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng တို့ နိုဝင်ဘာ ၂၂ရက်က တွေ့ဆုံဆွေးနွေးတုန်း ပြောခဲ့တာ ဖြစ်ပါတယ်။ တရုတ်စစ်ဦးစီးချုပ်ကလည်း တောင်တရုတ်ပင်လယ်အရေးကိစ္စမှာ မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်က  ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် တရုတ်စစ်ဦးစီးချုပ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ကူညီထောက်ပံပေးခဲ့ပြီး အကူအညီတွေ ဆက်လက် ပေးသွားမယ်လို့လည်း ပြောခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ မြန်မာ-တရုတ်  တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနဲ့ အားကစား ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် ယဉ်ကျေးမှုအဖွဲ့တွေအပြန်အလှန်စေလွှတ်ရေးစတဲ့တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  တရုတ်နိုင်ငံ အစိုးရနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ နိုဝင်ဘာ၂၁ ရက်မှာ တရုတ်နိုင်ငံကို ခရီးထွက်သွားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024