Home
မြန်မာသတင်း
ညောင်လေးပင်မြို့ အထက်တန်းကျောင်းတခုတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရန် တည်ဆောက်
DVB
·
November 22, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိသွားဖို့ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်တည်ဆောက်နေတယ်လို့ ကျောင်းအကျိုးတော်ဆောင်တဦးက ပြောပါတယ်။ ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရဲ့ အလေးပြုကွင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ပုံကို အထိုင်အောက်အုတ်ခုံ အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၂ ပေ အထိုင်အုတ်ခုံအပေါ် အမြင့် ၅ ပေခွဲကို ၃ ပေပတ်လည် အုတ်ရိုးစီ ကွန်ကရစ် ကျောက်ထုတ်လောင်းကာ ဗိုလ်ချုပ်ရုပ်တုကို အင်္ဂတေအမျိုးအစား မိုလောင်းပြီး ဗိုလ်ချုပ်ပုံကိုအမြင့် ၃ ပေ ထားရှိကာ တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းအကျိုးတော်ဆောင် ဦးကိုကိုက“ကျနော်တို့ ဒီပုံက ဗိုလ်ချုပ်ကျောင်းသားဘဝက ပုံပါ။ ဒီရုပ်တုကို ဗိသုကာ ပညာရှင် ကိုအောင်ကျော်ထွန်းက သူကိုယ်တိုင် ငွေကြေးအကုန်အကျခံ ထုလုပ်ပြီး ဒီကျောင်းကို လှူတာပါ။ သူကလည်း ဒီကျောင်းထွက် ဖြစ်နေတော့လေ။ အခုတော့ အောက်ခြေအုတ်ခုံကို စတင် တည်ဆောက်နေပါပြီ။ ဒီအုတ်ခုံကိုတော့ ကျနော်ကပဲ အကုန်အကျခံ လှူဒါန်းတာပါ။ ဒီအုတ်ခုံကို ကြွေပြားပတ်ချာလည် ကပ်ပြီးတာနဲ့ အင်္ဂတေနဲ့ မိုလောင်းပြီးသား ဗိုလ်ချုပ်ကျောင်းသားဘဝက ရုပ်တုကို တင်ဖို့ပဲ ကျန်ပါတော့တယ်”လို့ဒီဗွီဘီကို ပြောပါတယ်။ “ဒီကျောင်းရှေ့မှာ မနက်တိုင်း ကျောင်းသူ ကျောင်းသားတွေ အလေးပြုတဲ့အခါ အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ဆောင်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ကြိုးစားခဲ့ပုံတွေကို အတုယူ အားကျတတ်စေဖို့ ဗိုလ်ချုပ်အောင်ဆန်းလို မြင့်မြတ်တဲ့ စိတ်ဓာတ်ကို မွေးမြူတတ်စေဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးတရားတွေကို အမြဲသတိတရ မမေ့စေဖို့ ရည်ရွယ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ပုံကို ဒီကျောင်းမှာ ထုလုပ်ထားရှိရတာ ဖြစ်တယ်”လို့ ဦးကိုကိုက ဆက်ပြောပါတယ်။ ညောင်လေးပင်မြို့နယ်က ကျောင်းတွေမှာ ဗိုလ်ချုပ်ရုပ်တုကို ထုလုပ်ထားရှိတာဆိုရင် ဒီအမှတ် ၁ ကျောင်းတကျောင်းမှာသာ စတင်ထုလုပ်နေတာ ဖြစ်ပါတယ်။ ညောင်လေးပင်မြို့နယ် ညောင်လေးပင်-မဒေါက်လမ်းဆုံမှာ ၁၅ ပေအမြင့်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုကိုလည်း မြို့မိမြို့ဖတွေ ထုလုပ်နေကြပြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမီ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024