ရှမ်းပြည်နယ်လွှတ်တော်တွင် အန်အယ်လ်ဒီကိုယ်စားလှယ်တဦး ထပ်တိုးလာ
ပိုင်စိုး
·
November 22, 2017
ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဟာ ကန့်ကွက်လွှာတင်ရာမှာလည်း ထပ်ရှုံးခဲ့ပေမယ့် ဒီနေ့မှာတော့ အယူခံအောင်မြင်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်လွှတ်တော် ကျိုင်းတုံ ၂ မဲဆန္ဒနယ်မှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းက အနိုင်ရခဲ့တာနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက ကန့်ကွက်လွှာတင်သွင်းခဲ့ပါတယ်။
အချက် ၁၄ ချက်ပါတဲ့ အဲဒီကန့်ကွက်လွှာမှာ ၁၃ ချက်က မဲရုံတွင်းမှာ ဖြစ်ခဲ့တာလို့ ကန့်ကွက်ခံခဲ့ရသူ ဦးရှာမွေလရှန်က ပြောပါတယ်။ မဲဆွယ် လက်ကမ်းစာစောင် ထုတ်ဝေခွင့် အမှတ်တွေ မပါတဲ့ တချက်ကတော့ ကိုယ်စားလှယ်လွှဲပြီး လုပ်ခိုင်းတာမှာ ဖြစ်သွားတာလို့ သူက ဆိုပါတယ်။
ဒီအမှုကို ခုံရုံးနဲ့ စစ်ဆေးရာမှာတော့ ဦးရှာမွေလရှဲန်ကို ရွေးကောက် တင်မြှောက်ထားတာဟာ တရားဝင်အတည်ဖြစ်တယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် အန်အယ်လ်ဒီကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက အယူခံထပ်တက်ပြီး ဒီနေ့မှာတော့ သူ့ကို ကိုယ်စားလှယ် အဖြစ်သတ်မှတ်လိုက်တာလို့ ခုံရုံးအဖွဲ့ဝင် ဦးအောင်မြင့်က ပြောပါတယ်။
“အဓိက ကတော့ လက်ကမ်းစာစောင်တွေမှာ ထုတ်ဝေခွင့်မပါတာကြောင့်ပေါ့။ ဥပဒေအရဆိုရင် ဒီအယူခံဟာ အပြီးသတ်ပါ။ နောက်ထပ် အယူခံခွင့် မရှိတော့ပါဘူး”
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၉၄ ယောက် ယှဉ်ပြိုင်ခဲ့တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ နေရာ၊ ကြံ့ခိုင်ရေးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)တွေက တစ်နေရာစီ အနိုင်ရခဲ့ပါတယ်။