သေဆုံးထိုင်းဗိုလ်လောင်း၏ ကိုယ်တွင်းအင်္ဂါများ ပျောက်ဆုံးနေမှု မိသားစု ဖြေရှင်းချက်တောင်း

ထိုင်းစစ်တက္ကသိုလ်ဗိုလ်လောင်းအချို့။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ထိုင်းနိုင်ငံ စစ်တက္ကသိုလ် ပထမနှစ်ကျောင်းသားတဦး သေဆုံးမှုမှာ ဦးနှောက်နဲ့ တခြားအရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ခွဲထုတ်ဖယ်ရှားခံထားရတာနဲ့ ပတ်သက်ပြီး မိသားစုက ဖြေရှင်းချက်ပေးဖို့ တောင်းဆိုနေပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ ပက်ခ်ဖောင်တန်ညာခန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က နခွန်နာယော့ခ်ခရိုင်တွင်းမှာ ကျောင်းတွင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ချိန် သေဆုံးသွားခဲ့တာဖြစ်ပြီး ဒါဟာ နှလုံးတိုက်ခိုက်ခံရမှုကြောင့်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့အလောင်းကို မိဘတွေက နေအိမ်ဆီသယ်ပြီး ဈာပနအခမ်းအနားကျင်းပဖို့ စီစဉ်ခဲ့ကြချိန်မှာ သံသယဖြစ်ခဲ့တဲ့အတွက် ပုဂ္ဂလိကဆေးရုံတရုံဆီ သယ်သွားပြီး စစ်ဆေးခဲ့ကြတာပါ။ ကွယ်လွန်သူ ဗိုလ်လောင်းရဲ့ ဖခင်က သူ့သားဖြစ်သူဟာ ကျောင်းမှာ စီနီယာကျောင်းသားတဦးရဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးတာ ခံခဲ့ရကြောင်း ပြောဖူးတယ်လို့ ဆိုပါတယ်။ ခုလိုဖြစ်ခဲ့ရတဲ့အပေါ် သူ့အနေနဲ့ သွေးရိုးသားရိုး သေဆုံးမှုလား၊ အနိုင်ကျင့် နှိပ်စက်ခံရမှုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား သိချင်တာလို့ ပြောလိုက်တာပါ။ ဆေးရုံမှာ စစ်ဆေးခဲ့ချိန်မှာတော့ မိဘတွေဟာ သားဖြစ်သူရဲ့အလောင်းမှာ နံရိုးတွေ ကျိုးနေတာကို တွေ့ခဲ့ရပြီး ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံး၊ အစာအိမ်၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ် စတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားခွဲထုတ်ခံထားခဲ့ရတာ တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။ အစပိုင်းတုန်းကတော့ မိသားစုက ပြည့်စုံတဲ့ သေဆုံးမှတ်တမ်းနဲ့ ခုလို ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စစ်တက္ကသိုလ်ဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဘာမှအကြောင်းမပြန်ခဲ့တာမို့ သတင်းမီဒီယာတွေနဲ့ ဆက်သွယ် အကူအညီ တောင်းခံခဲ့တာဖြစ်တယ်လို့ ဆောက်သ်ချိုင်းနားမောနင်းပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မိသားစုဝင်တဦးကတော့ “တကယ်လို့များ ဘာမှ မစစ်ဆေးဘဲ သင်္ဂြိုဟ်လိုက်မယ်ဆိုရင် အားလုံးပြီးသွားတော့မှာ” လို့ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး သန်ချိုင်ယန် ဆီရိဆူဝမ်က ဒီကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး စစ်ဆေးထုတ်ပြန်မှုတွေ လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up