A d v e r t i s e m e n t With Us

သြစတြေးလျမြစ်အတွင်း ရှားပါးမိကျောင်းဖြူကြီးတကောင် တွေ့ရှိ

ဓာတ်ပုံ - NT CROCODILE CONSERVATION & PROTECTION SOCIETY
သြစတြေးလျနိုင်ငံ မြစ်တစင်းထဲမှာ ရှားပါး မိကျောင်းဖြူကြီးတကောင်ကို တွေ့ရှိခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ သူ့ရဲ့နာမည်ကို ပုလဲလို့ ပေးခဲ့ကြပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က နိုင်ငံမြောက်ပိုင်း၊ ဒါဝင်မြို့အနီး အန်ဒလိတ်ဒ်မြစ်ထဲမှာ ခရီးသွားလုပ်ငန်းတာဝန်ခံတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတဦးကတော့ မိကျောင်းဖြူကြီးရဲ့ အရှည်ဟာ ခန့်မှန်းခြေ ၃ မီတာလောက်ရှိမယ်လို့ ပြောပါတယ်။ သတ္တဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ မိကျောင်းကြီးရဲ့ ဖြူဖွေးတဲ့ သွင်ပြင်ဟာ ဟိုက်ပိုမယ်လာနစ်စ်ဆမ် (Hypomelanism) လို့ခေါ်တဲ့ အရေပြားရောင်ခြယ်ဆဲလ်တွေ နည်းပါးမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ဒီမိကျောင်းကြီးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က တံငါသည်တဦးကို ဆွဲချသတ်ခဲ့တဲ့ နာမည်ကျော် မိကျောင်းဖြူကြီးနဲ့ ပတ်သက်နေနိုင်တယ်လို့ ပြောနေကြတာပါ။ သြစတြေးလျမျိုးစိတ် မိကျောင်းတွေဟာ သူတို့ရဲ့ သဘာဝအရ အခြေအနေမှန်ကို ဖုံးကွယ်ဖို့အတွက် မီးခိုးရောင်ကနေ အစိမ်းရောင် ပြောင်းလေ့ရှိပေမယ့် ဒီမိကျောင်းကြီးကတော့ မျိုးဗီဇပြဿနာတခုခုကြောင့် ခုလိုဖြစ်ရတာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ချားလ်စ်ဒါဝင်တက္ကသိုလ်မှ သုတေသနပညာရှင် အဒမ်ဘရစ်တန်က မိကျောင်းမကြီး ပုလဲရဲ့ ခုလိုဖြစ်ရတဲ့ အခြေအနေဟာ ဥပေါက်တဲ့အချိန်မှာ မျိုးဗီဇပြောင်းလဲမှုကြောင့်လို့ ဆိုပါတယ်။ “ဥပေါက်တဲ့အချိန်မှာ အသိုက်ထဲက ဥတွေဟာ ပူလွန်းနေခဲ့ရင် အရောင်ပြောင်းလဲမှုဘက်ကို ဦးတည်သွားတတ်ပါတယ်။ အရေပြားပေါ်မှာ အကွက်ပုံသဏ္ဌာန်တွေနဲ့ အရောင်ပြောင်းလဲမှုတွေ အပါအဝင်ပေါ့။” ဒါပေမယ့် တချို့မိကျောင်းတွေဟာ ငယ်စဉ်ကတည်းက သာမန်မဟုတ်တဲ့ အခြေအနေမျိုး ရှိတတ်တာမို့ ဒါဟာ ထူးခြားတဲ့ အခြေအနေတခုတော့ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ အရင်ကလည်း ခုလိုအရောင်နဲ့ မိကျောင်းမျိုး တွေ့ဖူးပေမယ့် ဒီလောက်ကြီးမားတဲ့ အရွယ်အစားတော့ မတွေ့ခဲ့ဖူးဘူးလို့ ဘရစ်တန်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up