Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ပြန်စိစစ်နေ
ပိုင်စိုး
·
November 21, 2017
  တိုင်းနဲ့ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေရဲ့ စာရင်းကို ကြေညာခဲ့ပြီးမှ သေဆုံးသူတွေ ပါနေတာကြောင့် ပြန်စိစစ်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့က တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ကြေညာခဲ့တာပါ။ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက“စာရင်းပေးထားလို့ ထည့်ထားတယ်။ ပြီးတော့မှ သေဆုံးသူတွေ ရှိနေတာကြောင့် ပြန်စိစစ်နေပါတယ်။ ခရိုင်နဲ့ မြို့နယ်ကော်မရှင်တွေကတော့ တိုင်းနဲ့ ပြည်နယ်ပြီးမှပဲ ပြန်ဖွဲ့နိုင်မှာပါ” လို့ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်တွေမှာ တာဝန်ထမ်းဆောင်မယ့် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဖွဲ့စည်းဖို့ စာရင်းပေးကြရမယ့်အကြောင်း ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ကြေညာခဲ့တာပါ။ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်လိုက်ပြီး နောက်ပိုင်း ဝန်ထမ်းမဟုတ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ လစာရတော့မှာ မဟုတ်ပဲ တလုံးတခဲတည်း ချီးမြှင့်ငွေပဲရရှိတော့မှာဖြစ်ပါတယ်။ “အရင်က လစာသတ်မှတ်ခဲ့တယ်။ ဒါပေမယ့် ဘတ်ဂျက်မနိုင်တော့ မပေးနိုင်ဘူး။ အခု ချီးမြှင့်ငွေကတော့ ရွေးကောက်ပွဲတွေပြီးရင် ပေးမှာပါ။ အစည်းအဝေးရှိတဲ့ ရက်တွေကတော့ နေ့တွက်နဲ့ ခရီးစရိတ် ပေးပါမယ်” လို့ ဦးလှသိန်းကပြောပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရွေးကောက်ပွဲကော်မရှင်မှာပါတဲ့ နိုင်ငံ့ဝန်ထမ်း မဟုတ်သူတွေကို လစာပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မပေးနိုင်ခဲ့ပါဘူး။ လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇွန်လ တုန်းကလည်း လစာပေးဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဥပဒေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဇော်က “ပြီးခဲ့တဲ့ သက်တမ်းမှာ လစာမရဘူး။ အခုလည်း ဘယ်လို လာမလဲတော့ မသိဘူး။ ကော်မရှင်အနေနဲ့ လိုအပ်တာက လစာဆိုတာထက် အလုပ်လုပ်တာ အဆင်ပြေဖို့လို့ပဲ ခံယူပါတယ်။ အခု ကော်မရှင် အဖွဲ့တွေ အတွက် ရုံးနေရာ ဆိုတာမရှိဘူး။ ထွေအုပ်နဲ့ တွဲနေရတယ်။ ဒီအတွက် မြေနေရာ ရှာပြီး တင်ပြတော့လည်း အဲဒီမြေကို ပိုင်ထားတဲ့ ဌာနဆိုင်ရာတွေက မပေးချင်ဘူး။ နောက်တခုကတော့ မဲစာရင်းကိစ္စကို ဖုတ်ပူမီးတိုက် မလုပ်စေချင်ဘူး။ ကော်မရှင်တွေကို စောစော ဖွဲ့ပေးထားပြီး လုပ်စရာ ရှိတာတွေကို လုပ်ထားစေချင်တယ်” လို့ ပြောပါတယ်။ ရွေးကောက်ပွဲရုံးဝန်ထမ်းတွေ သတ်မှတ်ခန့်ထားပြီး ဖြစ်ပေမယ့် အင်အားပြည့် မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲ ကော်မရှင်တွေမှာ ဦးစီးမှူးအဆင့် ရွေးကောက်ပွဲ အရာရှိတွေ ခန့်ထားပြီး ကော်မရှင်မှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024