တပတ်အတွင်း အရောင်းရဆုံးစာရင်းဝင်ခဲ့သည့် တေလာဆွစ်ဖ်၏ တေးစီးရီးသစ်

2.3K
နာမည်ကြီးအဆိုတော် တေလာဆွစ်ဖ်ရဲ့ တေးစီးရီးသစ်ဟာ ထွက်ရှိပြီး ပထမတပတ်အတွင်းမှာပဲ သန်းချီရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ် ပွဲဦးထွက် အရောင်းရဆုံး အယ်လ်ဘမ်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေခဲ့ပါတယ်။
Reputation လို့ အမည်ပေးထားခဲ့တဲ့ သူ့ရဲ့ အယ်လ်ဘမ်သစ်ဟာ ၁ ဒသမ ၂၁၆ သန်း ရောင်းချခဲ့ရတာဖြစ်ပြီး အမေရိကန် ဘီလ်ဘုတ်ထိပ်တန်းအယ်လ်ဘမ် ၂၀၀ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ နီယယ်လ်ဆမ် တေးထုတ်လုပ်ရေးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မနှစ်က ပထမသီတင်းပတ်အတွင်း အရောင်းရဆုံးစာရင်းမှာ ထိပ်ဆုံးကရပ်တည်ခဲ့တဲ့ ရက်ပ်ပါ ကန်းဒရစ်ခ် လာမားရဲ့ Damn အယ်လ်ဘမ်က ပွဲဦးထွက် ၆ သိန်း ၃ ထောင်သာ ရောင်းချခဲ့ရတာမို့ ဒါဟာ ကြီးမားတဲ့ စံချိန်ချိုးမှုတခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် ကန်းထရီးနဲ့ ပေါ့ပ်အဆိုတော်ရဲ့ ဒီအယ်လ်ဘမ်ဟာ သူ့ရဲ့ ၄ ခုမြောက် ထွက်ရှိလာတာဖြစ်ပြီး ထွက်ရှိပြီး ၄ ရက်အကြာမှာပဲ ၁ သန်းထိ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီစံချိန်ကတော့ ဗြိတိန်အဆိုတော် အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ရောင်းချနိုင်ခဲ့မှု စံချိန်ကိုတော့ မကျော်နိုင်ခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ ထွက်ရှိခဲ့တဲ့ ဒီအယ်လ်ဘမ်ကတော့ ပထမ ၄ ရက်အတွင်း ၂ ဒသမ ၄၃ သန်း ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။
ကြားထဲမှာ တေးသီချင်းအသစ်တွေ မထွက်ရှိခဲ့ဘဲ အချိန် ၃ နှစ်လောက် ကြာမြင့်ခဲ့တဲ့ တေလာဆွစ်ဖ်ရဲ့ ဒီသီချင်းအယ်လ်ဘမ်ထဲမှာတော့ သူ့ရဲ့ ပြင်ပကမ္ဘာမှာ ပတ်သက်နေရတဲ့ အချစ်၊ ဘဝ အကြောင်းတွေကို နာမည်တပ်ဖော်ပြမထားခဲ့ဘဲ ရေးဖွဲ့ထားတဲ့ သီချင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအယ်လ်ဘမ်ထဲက Look What You Made Me Do လို့အမည်ရတဲ့ သီချင်းကိုတော့ ပထမဆုံး ဆင်ဂယ်လ်သီချင်းအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လက ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ယူကျုပေါ်မှာ ကြည့်ရှုသူ ၄၃ သန်းကျော်ရှိခဲ့ပြီး အချိန်ပိုင်းအတွင်း ကြည့်ရှုမှုအများဆုံး သီချင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။
၁၉၉၁ ခုနှစ်ကတည်းက အချက်အလက်တွေကို စာရင်းပြုစုလာခဲ့တဲ့ နီယယ်လ်ဆမ် တေးထုတ်လုပ်ရေးက တေလာဆွစ်ဖ်ဟာ ထွက်ရှိခဲ့သမျှ အယ်လ်ဘမ် ၄ ခုစလုံး ပထမသီတင်းပတ်အတွင်း တသန်းကျော်ရောင်းချခဲ့ရတဲ့ တဦးတည်းသော အနုပညာရှင် ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။