A d v e r t i s e m e n t With Us

ဇနီးနှင့်အဆင်မပြေ၍ သေနတ်ဖြင့်ပစ်ခတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသည့် ပြင်သစ်ရဲ

ဓာတ်ပုံ - အေအက်ဖ်ပီ
ပြင်သစ်ရဲတဦးဟာ အိမ်ထောင်ရေး အဆင်မပြေတဲ့အတွက် စိတ်ဓာတ်ကျပြီး ဇနီးဖြစ်သူနဲ့ တခြားလူတချို့ကို သေနတ်နဲ့ပစ်ခတ်ကာ နောက်ဆုံး သူ့ကိုယ်သူ သတ်သေလိုက်တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၁၈ ရက် ညက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မြောက်ပိုင်း ဆာစီလက်စ်ဆင်ခြေဖုံးမှာ ၃၁ နှစ်အရွယ် ရဲဖြစ်သူ အာနော့ဒ်မာတင်နဲ့ ၂၅ နှစ်အရွယ် သူ့ရဲ့ ဇနီးဖြစ်သူတို့ စကားများပြီးနောက် ဖြစ်ခဲ့တာပါ။ ဇနီးသည်ရဲ့ မိဘအိမ်အပြင်ဘက်က ကားထဲမှာ သူတို့ ၂ ဦး ရန်ဖြစ် စကားများခဲ့ကြပြီး မာတင်က ဇနီးဖြစ်သူရဲ့ မျက်နှာကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ ဒီ့နောက် ဖြတ်သွားဖြတ်လာ ၂ ဦးကိုလည်း မာတင်က သေနတ်နဲ့ပစ်ခတ်ပြီးနောက် ဇနီးသည်ရဲ့ အိမ်ထဲကို ဝင်သွားပြီး ဇနီးရဲ့ဖခင်၊ မိခင်နဲ့ ညီမဖြစ်သူတို့ကို သေနတ်နဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။ နောက်ဆုံး အိမ်ဝန်းထဲ ရဲတွေရောက်လာချိန်မှာ မာတင်က မိသားစုရဲ့ခွေးကိုသတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတာပါ။ သေနတ်ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူက ဒဏ်ရာအပြင်းအထန်ရပြီး မသေဆုံးပေမယ့် သူမရဲ့ဖခင်နဲ့ ဖြတ်သွားဖြတ်လာ ၂ ဦးကတော့ သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က အတည်ပြုပါတယ်။ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက “မာတင်က ဇနီးသည်နဲ့ကွဲဖို့ စီစဉ်နေပြီး ဒါကို မခံနိုင်လို့ လုပ်လိုက်တာ။ ဒီလူတွေအားလုံး ဒေသခံတွေပါ။ ကျနော်က ဒီလမ်းထဲမှာနေတာ ၁၀ နှစ်လောက်ရှိပြီ။ ဒါကြောင့် သူတို့အားလုံးကို ကောင်းကောင်းသိတယ်” လို့ ပြောပါတယ်။ မြို့တော်အတွင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက လူ ၁၃၀ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ရဲတွေမှာ လက်နက်အမြဲရှိတာ ကောင်းတယ်လို့ အာဏာပိုင်တွေက ယူဆပြီး ရဲတပ်ဖွဲ့ဝင်တွေ အိမ်ပြန်တဲ့အခါ သေနတ်သယ်ဆောင်ခွင့် ပေးထားပါတယ်။ ရဲတွေက စိတ်ဓာတ်ကျတဲ့အခါ လက်နက်တွေကို အလွဲသုံးစားပြုနေလို့ ဒီလိုခွင့်ပြုတာက အငြင်းပွားစရာဖြစ်နေပြီး စက်တင်ဘာလတုန်းကလည်း ပဲရစ်မြို့မြောက်ပိုင်းမှာ ရဲတဦး ဇနီးသည်နဲ့ ကလေး ၂ ဦးကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ခဲ့ပါသေးတယ်။ ဒီနှစ်ထဲမှာ ရဲတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ တိုးလာပြီး ဇန်နဝါရီ ၁ ရက်နေ့ကစလို့ ပြင်သစ်ရဲအရာရှိ ၄၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်၊ သတ်သေမှုရဲ့ ထက်ဝက်က တာဝန်ကျလက်နက်တွေကို အသုံးပြုခဲ့တာလို့ မေရာသတင်းမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up