A d v e r t i s e m e n t With Us

ထိုင်းတွင် လူသတ်ပြီးထွက်ပြေးနေသည့် ဝရမ်းပြေး မြန်မာအလုပ်သမားကို ဖမ်းဆီး

ဓာတ်ပုံ - Eakkapop Thongtub
ထိုင်းနိုင်ငံမှာ လူသတ်ပြီး ထွက်ပြေးနေတဲ့ ဝရမ်းပြေး မြန်မာအလုပ်သမားတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ် မေလို့ အမည်ရတဲ့ အမျိုးသားဟာ သာလန်းခရိုင်ထဲမှ နာနတ်ခြံအလုပ်သမားတဦးဖြစ်ကာ နိုဝင်ဘာ ၁၄ ရက်နေ့က သူနဲ့တဖွဲ့တည်း အလုပ်သမား ခေါင်းဆောင်ကို သတ်ခဲ့ပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ ဖူးခက်ခရိုင်ရဲဌာန ဗိုလ်မှူးကြီး ပရင်ညာခဝမ်ရူနဲ့ သာလန်းခရိုင်ရဲတွေ ဦးဆောင်ပါဝင်တဲ့အဖွဲ့က သူ့ကို ရက်ဆဒါဒေသတွင်း ကမ်းခြေမှ ခွန်ထိုင်း-၂ စားသောက်ဆိုင်ထဲမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို သာလန်းခရိုင် ရဲစခန်းဆီ ပို့ဆောင်ချုပ်နှောင်ထားပြီး လူသတ်မှုနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သာလန်းခရိုင်ရဲဌာနမှ ဗိုလ်မှူးကြီး အနူကာလ် နူးခက်က “မေကို ဖူးခက်ခရိုင်ရုံးက နိုဝင်ဘာလ ၁၆ ရက်နေ့တည်းက ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့တာပါ။ သူဟာ အလုပ်သမားခေါင်းဆောင် ဘွန်လတ်ကင်းထောင်ကို နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းက သံချွန်နဲ့ ထိုးသတ်ခဲ့တာပါ” လို့ ပြောပါတယ်။ သေဆုံးသူ အလုပ်သမားခေါင်းဆောင်ဟာ သူ့အပေါ် စည်းကမ်းတင်းကျပ်လွန်းတဲ့အတွက် စိတ်ပျက်ပြီး ခုလိုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ မေက ရဲစခန်းမှာ ဝန်ခံထွက်ဆိုထားပါတယ်။ အဲဒီနေ့ ညနေပိုင်းကတော့ သူတို့ ၂ ယောက်ဟာ စကားပြောကြရင်း ကတောက်ကဆ ဖြစ်ခဲ့ကြတာပါ။ မေဟာ ဘွန်လတ်ရဲ့ ဦးခေါင်းညာဘက်ခြမ်းကို သံချွန်နဲ့ ထိုးသွင်းခဲ့ပြီး နောက်တကြိမ် ထိုးသွင်းဖို့လုပ်ချိန်မှာ တခြားအလုပ်သမားတွေက တားဆီးနိုင်ခဲ့လို့ ဆက်မထိုးဖြစ်ခဲ့ဘဲ တောထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ ဘွန်လတ်ကို အရင်ဆုံး သာလန်းဆေးရုံ ပို့ဆောင်ပြီးနောက်မှာမှ ဗချီယာ ဖူးခက်ဆေးရုံဆီ တဆင့်လွှဲပြောင်းခဲ့ချိန်မှာတော့ ဦးနှောက်အတွင်းပိုင်း သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up