Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ်များကို လွှတ်တော်တက်ရန် ဆင့်ခေါ်
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ်များကို လွှတ်တော်တက်ရန် ဆင့်ခေါ်
DVB
·
April 9, 2012
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၃၇ ဦးကို လွှတ်တော်အစည်းအဝေး စတင်တက်ရောက်ဖို့ လွှတ်တော်ရုံးက ဆင့်ခေါ်လိုက်ပါတယ်။
ယာယီရပ်နားထားတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို တက်ရောက်ဖို့ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဧပြီ ၉ ရက် မနက် ၁၀ နာရီက ဖုန်းဆက်အကြောင်းကြားလာတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒါကြောင့် ရွေးကောက်တင်မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်ကို ဧပြီ ၂၂ ရက်နေ့ အရောက်သွားရောက်ကြမှာဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာတွေကို လက်ခံဖို့ ရှိနေတာပါ။
အန်အယ်လ်ဒီပါတီက အနိုင်ရ ကိုယ်စားလှယ်တွေကို ဧပြီ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာ ပါတီဌာနချုပ်ကို ဆင့်ခေါ်ထားပြီး လွှတ်တော်တွင်း ပြင်ဆင်ဖွယ်ရာတွေနဲ့ ကိုယ်စားလှယ်တွေအတွက် ရုံးအဖွဲ့ ဖွဲ့စည်းရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့တွေလည်း ရှိနေတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးဥာဏ်ဝင်းနှင့် မေးမြန်းချက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အန်ကယ်တို့ကို လွှတ်တော်ရုံးက ဘယ်တုန်းက စပြီးအကြောင်းကြားလဲ၊ ဘယ်လိုအကြောင်းကြားလဲဆိုတာ သိချင်ပါတယ်။
“ပြည်သူ့လွှတ်တော်ရုံးက ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ဒီနေ့မနက် ၁၀ နာရီခွဲမှာ အကြောင်းကြားပါတယ်။ ၂၂ ရက်နေ့ အရောက်လာဖို့နဲ့ ၂၃ ရက်နေ့ အစည်းအဝေးတက်ဖို့၊ အကြောင်းကြားပါတယ်။”
အခုလောလောဆယ် ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးရဲ့ ဒုတိယ အသုတ်လို့ ပြောရင်ရမယ်နဲ့ တူတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကို ဆင့်ခေါ်တာဆိုတော့ အန်ကယ်တို့ပါတီက အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦးအတွက် ပါတီကနေ ဘာတွေများ စီစဉ်ပေးဖို့ ရှိမလဲ။
“ကျနော်တို့က ဘာမှစီစဉ်ပေးစရာ မလိုဘူး။ ၂၂ ရက်နေ့မှာ အုပ်ချုပ်ရေးကိစ္စအတွက် အသိအမှတ်ပြုလွှာ ပေးတာတို့၊ လုံခြုံရေးကတ်ပြား ပေးတာတို့၊ အဲဒါတွေလုပ်မှာပါ။ ဓာတ်ပုံ ၂ မျိုး ယူလာဖို့တော့ ပြောရတာပေါ့။ သီးခြားညွှန်ကြားတာတော့ မရှိပါဘူး။”
၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ကိုယ်စားလှယ်တွေကို အစည်းအဝေးတွေ ဘာတွေများ ရုံးချုပ်ကနေ ဆင့်ခေါ်ထားတာ ရှိနိုင်မလား။
“အားလုံးကို ၁၉ - ၂၀ မှာခေါ်ထားတယ်။”
အဲဒီမှာကော အန်တီနဲ့ တခြားအမတ်တွေ အတွက်ကော လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့တွေ စီစဉ်ပေးဖို့ကော အန်ကယ်တို့ ပါတီဘက်ကကော ရှိနိုင်မလား။
“အဲဒါ စဉ်းစားထားတဲ့ အထဲမှာပါပါတယ်။”
ဘယ်လိုတွေများ အန်ကယ်တို့ စဉ်းစားထားကြလဲ။
“အဲဒါကတော့ ဒီကိစ္စက ရှိဖို့လိုအပ်တယ်ဆိုတာကို ဆွေးနွေးထားတာရှိတယ်။ ဘယ်သူ့ကို တာဝန်ပေးမယ်ဆိုတာတော့ ၁၉ - ၂၀ လောက်မှ သိရမယ်။”+