ဗြိတိန်တွင် ကမ္ဘာ့ကိုယ်ထည်အရှည်ဆုံးလေယာဉ် ထက်ပိုင်းကျိုးပြီး ပျက်ကျ

ဓာတ်ပုံ - AFP/Getty Images
2.3K
ဗြိတိန်နိုင်ငံမှာ ကမ္ဘာ့ကိုယ်ထည် အရှည်ဆုံး Airlander 10 လေယာဉ်ဟာ နိုဝင်ဘာ ၁၈ ရက်က ထက်ပိုင်းကျိုးပြီး မြေပေါ်ပျက်ကျခဲ့ပါတယ်။
လေယာဉ်နဲ့ လေသင်္ဘောကို ပေါင်းစပ်တီထွင်ထားတဲ့ Airlander 10 လေယာဉ်ဟာ ရွက်စင်တိုင်ကနေ ပြုတ်ထွက်ခဲ့တာကြောင့် လေလျော့ပြီး ဘဲဖို့ဒ်ရှိုင်းယားရှိ ကာဒင်တန်လေယာဉ်ကွင်းမှာ ပျက်ကျခဲ့လို့ လေယာဉ်အမှုထမ်းနှစ်ဦး အနည်းငယ် ဒဏ်ရာရခဲ့ပါတယ်။
ရွက်စင်တိုင်ကနေ ပြုတ်ထွက်ချိန်မှာ လုံခြုံရေးစနစ် အလိုအလျောက် အလုပ်လုပ်ခဲ့တာကြောင့် ကိုယ်ထည်ပွင့်ထွက်ပြီး လေလျော့ကာ မြေပေါ်ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ဗြိတိသျှ လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ HAV က ဆိုပါတယ်။
ပေါင် ၂၅ သန်းတန် Airlander 10 လေယာဉ်ဟာ ၃၀၂ ပေ အရှည်ရှိပြီး နိုဝင်ဘာ ၁၇ ရက်က စမ်းသပ်ပျံသန်းခြင်း အဆင့်သစ်တခုကို စတင်ခဲ့တာလို့ ရိုက်တာသတင်းအရ သိရပါတယ်။