ပျောက်ဆုံး အာဂျင်တီးနား ရေငုပ်သင်္ဘော ဂြိုဟ်တုသုံး ဖုန်းခေါ်မှု လက်ခံရရှိ

ဓာတ်ပုံ - ရိုက်တာ
အတ္တလန္တိတ်သမုဒ္ဒရာ တောင်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကနေ ဂြိုဟ်တုသုံးပြီး ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့လို့ သင်္ဘောပေါ်ကဝန်ထမ်းတွေ အသက်ရှင်နေဖို့ မျှော်လင့်ချက် ပြန်မြင့်လာပါတယ်။ အာဂျင်တီးနားရေတပ်က ဝန်ထမ်း ၄၄ ယောက်ကို တင်ဆောင်ထားတဲ့ ရေငုပ်သင်္ဘော ပျောက်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတာ နိုဝင်ဘာ ၁၇ ရက်နေ့ကတည်းက ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက် အစောပိုင်းက နောက်ဆုံး အဆက်အသွယ်ရချိန်မှာ ရေငုပ်သင်္ဘာဟာ အာဂျင်တီးနားတောင်ပိုင်း အတ္တလန္တိတ် ကမ်းရိုးတန်းနဲ့ ၂၆၈ မိုင်အကွာ ပင်လယ်ထဲမှာ ရှိနေခဲ့ပါတယ်။ ရေငုပ်သင်္ဘောဟာ နိုဝင်ဘာ ၁၈ ရက် နေ့လယ်လောက်က ဂြိုဟ်တုဖုန်းနဲ့ ခေါ်ဆိုမှု ၇ ကြိမ်လုပ်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ အာဂျင်တီးနား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပြီး မုန်တိုင်းထန်နေတဲ့ ရာသီဥတုကြောင့် ဖုန်းခေါ်လို့မရနိုင် ဖြစ်ခဲ့တာပါ။ အစိုးရက ဖုန်းခေါ်ဆိုတဲ့ တည်နေရာကို ခြေရာခံဖို့ ဂြိုဟ်တုဆက်သွယ်ရေး အထူးပြု အမေရိကန်ကုမ္ပဏီနဲ့အတူ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ရေတပ်က လေယာဉ်တွေဟာ အာဂျင်တီးနား လေယာဉ်တွေနဲ့အတူ တောင်ပင်လယ်တလွှား ပိုက်စိတ်တိုက်ရှာခဲ့ပေမယ့် လေတိုက်နှုန်းပြင်းထန်ပြီး အမြင့်ပေ ၂၀ ကျော်အောင် လှိုင်းကြီးနေလို့ ရှာဖွေရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ပါတယ်။ ရှာဖွေရေး ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းကို ရှာပြီးပေမယ့် သမုဒ္ဒရာမျက်နှာပြင်မှာ ရေငုပ်သင်္ဘောရဲ့ အရိပ်လက္ခဏာကို မတွေ့ရပါဘူး။ ဒါပေမယ့် ရေငုပ်သင်္ဘောပေါ်မှာ စားနပ်ရိက္ခာနဲ့ အောက်စီဂျင် လုံလုံလောက်လောက် ရှိနေတယ်လို့ အာဂျင်တီးနားရေတပ် ပြောခွင့်ရက ဆိုပါတယ်။ ရေငုပ်သင်္ဘောပေါ်က ဝန်ထမ်းတွေရဲ့ မိသားစုတွေက သင်္ဘောဆိုက်ရမယ့် ကမ်းရိုးတန်းမြို့ မာဒေပလာတာမှာရှိတဲ့ ရေတပ် အခြေစိုက်စခန်းတွေမှာ စုရုံးရောက်ရှိနေကြပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ မွေးတဲ့ ပုပ်ရဟန်းမင်းကြီးကလည်း ပျောက်ဆုံး ရေငုပ်သင်္ဘောအတွက် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်း ဝတ်ပြုပွဲမှာ ဆုတောင်းပေးခဲ့တယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံလုပ် ARA စန်ဟွမ် ရေငုပ်သင်္ဘောကို ၁၉၈၃ ခုနှစ်က ရေချခဲ့တာပါ။ ၂၀၀၈ ခုနှစ်က သက်တမ်းလယ် ပြုပြင်မွမ်းမံမှုတွေကို အာဂျင်တီးနားနိုင်ငံထဲမှာပဲ ထိန်းသိမ်းပြုပြင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up