အိုင်အက်စ်နှင့်တိုက်ခိုက်ခဲ့သည့် စစ်ပွဲတွင် ဒေါ်လာဘီလီယံ ၁၀၀ အီရတ် ဆုံးရှုံးခဲ့

ဓာတ်ပုံ - Anadolu Agency/Getty Images
2K
အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်တွေကို တိုက်ခိုက်ခဲ့တဲ့စစ်ပွဲမှာ အီရတ်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး အဲဒီအတွက် ပြန်လည်တည်ဆောက်ရေးမှာ ကူညီကြဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
“အီရတ်နိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးဖို့ ကွန်ဖရင့်ကို ကူဝိတ်နိုင်ငံမှာ ပြုလုပ်သွားမှာပါ။ အိုင်အက်စ် တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေရော တခြားနိုင်ငံတွေပါ ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကြဖို့ မျှော်လင့်ပါတယ်” လို့ ပြည်နယ် လွှတ်တော်အမတ်တဦးက ပြောခဲ့ပါတယ်။
အီရတ်အမျိုးသားတပ်ဖွဲ့များ မဟာမိတ်အကြီးအကဲက “စစ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက် ကမ္ဘာအနှံ့က ပူးပေါင်းဆောင်ရွက်ရမှာပါ။ အကြောင်းက အီရတ်ဟာ ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်နေတာမို့ပါ။ အိုင်အက်စ် တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေအနေနဲ့ အခု ပြန်လည်တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပါဝင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
အိုင်အက်စ်တွေလက်ကနေ လွတ်မြောက်ခဲ့တဲ့ ဒေသတွေကို ပြန်လည် တည်ဆောက်ရေးနဲ့ ကျန်မြို့တွေမှာ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေနဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အီရတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံလောက် လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။