ထောင်တွင်းညှဉ်းပန်းနှိပ်စက်ခံရမှု သရုပ်ပြဖျော်ဖြေခဲ့သည့် အမျိုးသမီး ပန့်ခ်ဂီတအဖွဲ့

ပူစီရွိုင်ရော့ထ်အဖွဲ့ဝင် နာဒရာတိုလိုကွန်နစ်ကိုဗာ။ (ဓာတ်ပုံ - Chris J. Ratcliffe/AFP/Getty Images)
ရုရှားအမျိုးသမီး ပန့်ခ်ရော့ခ်တေးဂီတအဖွဲ့ ပူစီရွိုင်ရော့ထ်ဟာ သူတို့ရဲ့ ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံရမှုတွေနဲ့ ပတ်သက်တဲ့ ပြဇာတ်အသစ်ကို လန်ဒန်မြို့၊ ဇတ်ချီဂယ်လာရီမှာ နိုဝင်ဘာ ၁၄ ရက်ကနေ ၂၄ ရက်နေ့အထိ ကပြနေပါတယ်။ ပြဇာတ်ထဲမှာ ထောင်တွင်းအခြေအနေတွေကို ထင်ဟပ်စေတဲ့ သရုပ်ပြမှုတွေ ထုတ်ဖော်ပြသခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။ ပူစီရွိုင်ရော့ထ် အဖွဲ့ဝင်တဦးဖြစ်တဲ့ နာဒရာက ထောင်တွင်းမှာ ထောင်ဝန်ထမ်းတွေရဲ့ မတရား နှိပ်စက်ညှဉ်းပန်းမှုတွေ ခံခဲ့ရကြောင်း၊ ဒါတွေကိုသိစေချင်ပြီး ရုရှားအစိုးရရဲ့ မတရားမှုကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လူထုအနေနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ဒီရှိုးပွဲက အဲဒါကို အထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်ကြောင်း စီအန်အန်သတင်းဌာနကို ပြောခဲ့ပါတယ်။ ပူစီရွိုင်ရော့ထ်အဖွဲ့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ အခြေပြု ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်က မော်စကို ဘုရားကျောင်းရှေ့မှာ သမ္မတပူတင်ကို ဆန့်ကျင်တဲ့ သီချင်းဆိုပြီး ဆန္ဒပြမှုနဲ့ ကမ္ဘာက အာရုံစိုက်ခံလာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် နာဒရာတိုလိုကွန်နစ်ကိုဗာ အပါအဝင် အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရကာ ရမ်းကားသောင်းကျန်းမှုနဲ့ ၂၀၁၂ ခုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရတာပါ။ ထောင်ထဲမှာ မတရား နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာဟာ တုန်လှုပ်ချောက်ချားစရာ ကောင်းတယ်လို့ နာဒရာက ပြောခဲ့ပါတယ်။ သူဟာ အစာငတ်ခံ ဆန္ဒပြပြီးတဲ့နောက် ဆိုက်ဘေးရီးယားအကျဉ်းထောင် ဆေးရုံ တက်ခဲ့ရကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာမှ လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။ အခုပြဇာတ်ကြောင့် နောက်ထပ် အချိန်မရွေး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် နှစ်ရှည်ကျနိုင်ပြီး ဘယ်လိုသတ္တိနဲ့ တွန်းအားကြောင့် ထပ်မံပါဝင်လှုပ်ရှားတာလဲဆိုတဲ့ မေးမြန်းချက်ကို သူက “စိန်ခေါ်မှုတွေကို ရင်မဆိုင်ဘူးဆိုရင် အောင်မြင်မှု မရနိုင်ဘူး။ နိုင်ငံရေးလှုပ်ရှားမှုလုပ်လို့ ဖြစ်လာမယ့် စိတ်မချမ်းမြေ့စရာ ကိစ္စတွေကို ကျမခေါင်းထဲ ထည့်ထားပါတယ်။ ပြီးတော့ ကျမရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုလည်း ရှေ့မှာထားထားပြီး ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းလုပ်ဆောင်ပါတယ်” လို့ ပြောပါတယ်။ နာဒရာက ဇတ်ချီဂယ်လာရီမှာ ကပြတဲ့ ပြဇာတ်တွေကနေ လူတွေကို ရုရှားနိုင်ငံရဲ့ အကျဉ်းသားတွေသာမက ကမ္ဘာတဝှမ်းက အကျဉ်းသားတွေရဲ့ အခွင့်အရေးကို စဉ်းစားပေးစေချင်တာလို့ ပြောသွားပါတယ်။

More News
Up