ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ခြားရေးဝန်ကြီး တွေ့ဆုံ
DVB
·
November 19, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမှာ ဒီနေ့မနက်ပိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနဲ့တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးအပြီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေဖြစ်တဲ့ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေးစီမံကိန်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း၊ အမျိုးသား အားကစားရုံ (၁) ပြုပြင်မွမ်းမံမယ့် စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူညီချက်တွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်းလျန်မှ အသီးသီးဖလှယ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုဗဟိုဌာန၏ ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားအပြီးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။