အာဏာအသိမ်းခံရသည့် ဇင်ဘာဘွေသမ္မတ တက္ကသိုလ်ဘွဲ့နှင်းသဘင် တက်ရောက်

အာဏာအသိမ်းခံလိုက်ရတဲ့ ဇင်ဘာဘွေသမ္မတ မူဂါဘီဟာ နိုဝင်ဘာ ၁၇ ရက်နေ့က တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်လာခဲ့ပါတယ်။ မူဂါဘီဟာ  စစ်တပ်က အာဏာသိမ်းအပြီး နောက်တစ်ရက်မှာ အခုလိုပွဲတက်ရောက်ခဲ့ပြီး လူမြင်ကွင်းကို ထွက်ပေါ်လာတာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ရက် ကြာသပတေးနေ့မှာ ဇင်ဘာဘွေအစိုးရပိုင် သံတော်ဆင့် သတင်းစာမှာ မူဂါဘီနဲ့ စစ်တပ်အာဏာသိမ်းခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပုံတွေကို ဖော်ပြခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မူဂါဘီက သူဟာ ဇင်ဘာဘွေနိုင်ငံရဲ့ တရားဝင် နိုင်ငံ့ခေါင်းဆောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ၂၀၁၈ ရွေးကောက်ပွဲမတိုင်မီ သမ္မတရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကပြောကြားပါတယ်။ ဇင်ဘာဘွေနိုင်ငံက Open University ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်လာတဲ့ မူဂါဘီက အဖွင့်မိန့်ခွန်းပြောကြားရာမှာ သမ္မတရာထူးကဆင်း၊ မဆင်းကိစ္စ၊ သူ့နေရာဆက်ခံမယ့်သူကိစ္စ နဲ့ပတ်သက်ပြီး စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အကြောင်းကို ပြောကြားခဲ့တာမရှိပါဘူး။ အာဏာသိမ်းစစ်တပ်ရဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ အစောပိုင်းထုတ်ပြန်ချက်အရ သမ္မတမူဂါဘီနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး၊ ရလဒ်တစုံတရာရရှိပါက ပြည်သူကို ထုတ်ပြန်ကြေညာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဇင်ဘာဘွေစစ်တပ်က အာဏာသိမ်းရာမှာ သမ္မတမူဂါဘီကို ပစ်မှတ်ထားတာမဟုတ်ဘဲ သူ့ဘေးနားက ရာဇဝတ်သားတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာ ထားတာပါ။ မူဂါဘီရဲ့ အတိုက်အခံဖြစ်တဲ့ “ဒီမိုကရေစီအပြောင်းအလဲ လှုပ်ရှားမှုပါတီ ( Movement for Democratic Change) ခေါင်းဆောင် မော်ဂန်ဆဗန်ဂီရိုင်းက မူဂါဘီကို ရားထူကနေဆင်းပေးဖို့ နဲ့ ဒီမိုကရေစီရွေးကောက်ပွဲအတွက် လမ်းခင်းပေးဖို့ တိုက်တွန်းထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up