Live
Home
မြန်မာသတင်း
ကောလင်းမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ဖွင့်လှစ်
DVB
·
November 18, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့၊ ပြည်သူ့ပန်းခြံတွင် ဒီနေ့မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ လွတ်လပ်ရေးကျောက်တိုင်ဖွင့်ပွဲကို စည်ကားစွာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်း၊ လယ်ဆည်ဝန်ကြီး ဦးကမ်ဇာမုန် နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ပြည်သူတွေစုစုပေါင်း ၁သောင်းကျော် တက်ရောက်ဖွင့်လှစ်ခဲ့ကြတာပါ။ အခုလို ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်နဲ့ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူဖွင့်လှစ်ရတာက နောင်လာနောက်သားတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအကြောင်း၊ သမိုင်းကြောင်းနဲ့ ဗိုလ်ချုပ်လို ကိုယ်ကျိုးမဖက်တဲ့ လူမျိုးတွေ များများပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဝိုင်းဝန်းစုပေါင်း လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ လေးစားအားကျ အတုယူဖွယ်ကိစ္စတွေကို ပြောဆိုခဲ့ကြပါသေးတယ်။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လာကြသလို စစ်ကိုင်းတိုင်းအတွင်းမှာလည်း ချောင်းဦး၊ ရွှေဘို၊ ကလေး၊ တမူး စတဲ့မြို့တွေမှာလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့မြို့တွေမှာလည်း ဗိုလ်ချုပ်ကို ချစ်ခင်လေးစားမြတ်နိုးသူတွေက ဦးဆောင်ကာ တင့်တင့်တယ်တယ်ထားရှိနိုင်ရေးအတွက် ကြိုးစားအားထုတ်နေကြဆဲဖြစ်ပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကြီး ထာဝရတည်တံ့အောင် တာဝန်ရှိသူတွေ၊ မြို့နယ်သူ မြို့နယ်သားတွေသာမက နောင်မျိုးဆက်လူငယ်တွေမှာလည်း တာဝန်ရှိတယ်လို့ ရင်ဝယ်ပိုက်ထားကြဖို့လိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးဗိသုကာ၊ လူထုခေါင်းဆောင်၊ တကယ့်အာဇာနည်ကြီးဖြစ်ပါတယ်။ လူထုတစ်ရပ်လုံး အလေးထားအားကျရတဲ့ ဗိုလ်ချုပ်က ကာလအတန်ကြာ မျက်ကွယ်ပြုခြင်း၊ အမှောင်ချခြင်းတွေ ခံထားခဲ့ရတဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ကျေးဇူးက အင်မတန်များပြားတယ်ဆိုတာ အားလုံးအသိဖြစ်တဲ့အတွက် သူ့ လုပ်ရပ်၊ သူ့စိတ်ဓာတ်အတိုင်း လိုက်နာကြဖို့လိုတယ်”လို့ လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်းက ဖွင့်ပွဲမှာ ပြောဆိုသွားပါတယ်။ ကောလင်းမြို့၊ ပြည်သူ့ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုက အမြင့် ၁၂ ပေခွဲ၊ အလျား ၁၄ ပေရှိပြီး ကြေးပိဿာချိန် ၁၇၀၀ ရှိပါတယ်။ အများစုပေါင်းထည့်ဝင် လှူဒါန်းငွေတွေနဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်အကြာမှာ စည်ကားသိုက်မြိုက်စွာနဲ့ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024