ရာသီသစ်အတွက်သာ ကြံ့ခိုင်မှုကောင်းအောင် ပြင်ဆင်တော့မည်ဟု နာဒယ် ပြော

2.2K
WTA တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တဲ့ ရာဖေးလ်နာဒယ်ဟာ လာမယ့်ရာသီသစ်အတွက်ပဲ ကြံ့ခိုင်မှုကောင်းမွန်အောင် ပြင်ဆင်တော့မယ်လို့ ပြောပါတယ်။
နာဒယ်ဟာ နိုဝင်ဘာ ၁၂ ရက်မှာ စတင်ကျင်းပနေတဲ့ WTA ပြိုင်ပွဲမှာ ဒူးဒဏ်ရာရခဲ့လို့ ဘယ်လ်ဂျီယံက ပြိုင်ဘက် ဒေးဗစ်ဂေါ့ဖင်ကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေလည်း နုတ်ထွက်ခဲ့တာပါ။
WTA ပြိုင်ပွဲမှာ နာမည်ကြီးကစားသမားတဦးဖြစ်တဲ့ ရော်ဂျာဖက်ဒရာက ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး ဂေါ့ဖင်နဲ့ ဒိုမီနစ်တို့ပွဲက အနိုင်ရတဲ့သူနဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။
တခြားဆီမီးပွဲမှာတော့ အမေရိကန်က ဂျက်ဆော့နဲ့ ဘူလ်ဂေးရီးယားက ဒီမီထရော့ဗ်တို့ တွေ့ဆုံမှာပါ။
၂၀၁၇ ခုနှစ်အတွက် မိမိရဲ့ တင်းနစ်ပြိုင်ပွဲတွေ ပြီးဆုံးသွားပြီဖြစ်ပြီး ဂေါ့ဖင်နဲ့ပွဲမှာ ဒူးဒဏ်ရာကြောင့် အပြည့်အဝ အားစိုက်မကစားနိုင်ခဲ့ဘူးလို့ နာဒယ်က ပွဲအပြီးမှာ ပြောပါတယ်။
ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား နာဒယ်ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ သြစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်းတို့လို ဂရင်းစလမ်းပြိုင်ပွဲတွေ အပါအဝင် စုစုပေါင်း ပြိုင်ပွဲ ၁၈ ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
အဲဒီ ၁၈ ပွဲမှာ ယူအက်စ်အိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲ ၂ ခု အပါအဝင် စုစုပေါင်း ပြိုင်ပွဲ ၆ ပွဲ ချန်ပီယံဖြစ်ခဲ့ပြီး ဆုကြေးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရရှိခဲ့ပါတယ်။