A d v e r t i s e m e n t With Us

ထိုင်းတွင် အမှိုက်ကောက်သမားနှင့် ဆင်းရဲသားမိသားစု ဘတ်သန်း ၃၀ ထီဆုပေါက်

မနေ့က ကြေညာသွားတဲ့ ထိုင်းထီပေါက်စဉ် ဆုရနံပါတ်တွေထဲမှာ ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ခ်ျပူရီခရိုင်က အမှိုက်ကောက်သမားနဲ့ ဆင်းရဲသားမိသားစုတွေ ဘတ်သန်း ၃၀ ထီဆု ပေါက်သွားပါတယ်။ အဲဒီထီပေါက်သူတွေဟာ ရာ့ခ်ျပူရီခရိုင် ပါတ်ထော့မြို့နယ် ဒွန်းဆိုင်အုပ်စု ရပ်ကွက် ၂ မှာ နေထိုင်တဲ့ နန်းပရနီ (၃၉ နှစ်)၊ နန်းဆိုဖီ (၅၃ နှစ်)၊ နန်းဆောင်ဘွန်းလိုင်း (၃၁ နှစ်) နဲ့ နန်းကန်း (၅၂ နှစ်) တို့  ဖြစ်ကြပြီး ဆင်းရဲသားရပ်ကွက်က ဆွေမျိုးနဲ့ အိမ်နီးနားချင်းတွေ ဖြစ်ကြပါတယ်။ သူတို့တွေထဲမှာ နန်းပရနီဆိုသူက ပေါက်ဂဏန်းကို အရင်ရွေးချယ်သူဖြစ်ပြီး တတွဲလုံးဝယ်ယူဖို့ ငွေမရှိတာကြောင့် ဆွေမျိုးနဲ့ အိမ်နီးချင်းက မျှဝယ်ခဲ့ကြတယ်လို့  သတင်းထောက်ကို ပြောပါတယ်။ ဒီမတိုင်ခင် နန်းပရနီရဲ့ မိခင်ကြီးဟာ လွန်ခဲ့တဲ့ ၉ ရက်နေ့က ဆုံးပါးသွားကြောင်း၊ မိခင်ဖြစ်သူကို မီးသင်္ဂြိုဟ်ခါနီး ခေါင်းတလားကို ဖွင့်ကြည့်ရာမှာ ခေါင်းတလားရဲ့အဖုံး ပျဉ်ချပ်ပေါ်မှာ ဘောပင်အနီနဲ့ ရေးခြစ်ထားတဲ့ ၃၉၁ ဆိုတဲ့ ဂဏန်းကို တွေ့လို့ သုဘရာဇာက အဲဒီဂဏန်းနဲ့ ထီထိုးကြည့်ဖို့ တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ သူမအနေနဲ့ ထီထိုးဝါသနာပါသူ မဟုတ်ပေမယ့် ကံစမ်းချင်လို့ အသုဘမှာ ထီလာရောင်းသူတဦးဆီကနေ အဲဒီဂဏန်းကို တောင်းဝယ်ခဲ့ကြောင်း၊ ထီရောင်းသူက သူ့မှာ လောလောဆယ် အဲဒီဂဏန်းမရှိဘူးလို့ ပြောဆိုပြီး ည ၈ နာရီလောက်မှာတော့ ၂၉၂၃၉၁ ဂဏန်းပါ ထီလက်မှတ် ၅ စောင် လာပေးကြောင်း၊ သူ့မှာ ၅ စောင်လုံးဝယ်ဖို့ ဘတ် ၆၀၀ မရှိတာနဲ့ ညီမဝမ်းကွဲ ၂ ဦးနဲ့ တစောင်စီ၊ အသုဘမှာကြွေးဖို့ ဟင်းလာချက်ပေးတဲ့ နန်းကန်က ၂ စောင်ခွဲပြီး ဝယ်လိုက်ကြတယ်လို့ ဆိုပါတယ်။ မနေ့က မိခင်ဖြစ်သူအတွက် ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီးအပြန် ထီပေါက်စဉ်တိုက်ကြည့်ရာ တစောင်ကို ဘတ် ၆ သန်းပေါက်ပြီး ငါးစောင်အတွက် စုစုပေါင်း ဘတ်သန်း ၃၀ ပေါက်လို့ အားလုံး ဝမ်းသာခဲ့ကြတယ်လို့ ပြောပါတယ်။ နန်းပရနီက သူမဟာ အမှိုက်ပုံထဲက ရောင်းလို့ရတဲ့ပစ္စည်းတွေ မွှေနှောက်ရှာဖွေ ရောင်းစားလာတာ နှစ် ၂၀ ရှိပြီဖြစ်ပြီး အလားတူ သူနဲ့အတူတူ ထီပေါက်တဲ့သူတွေလည်း လက်လုပ်လက်စား ဆင်းရဲသားတွေသာဖြစ်လို့ သူတို့တသက်မှာ တခါမှ ဒီလောက်များတဲ့ပိုက်ဆံ မကိုင်ဖူးဘူးလို့ ပြောပါတယ်။ ထီပေါက်တဲ့ငွေနဲ့ အိမ်ပြင်ဆောက်ပြီး တချို့ကို သားသမီး ပညာသင်စရိတ်သိမ်းထားကာ တချို့ကို အလှူလုပ်မယ်လို့ နန်းပရနီက သတင်းထောက်ကို ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up