ကလေးသူငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းပေးပါ
DVB
·
November 17, 2017
“သင့်ကလေးကို ဘယ်လို ပညာလူ ဖြစ်စေချင်သလဲ။ ဆရာဝန် ဖြစ်စေချင်သလား။ အင်ဂျင်နီယာ ဖြစ်စေချင်သလား။ ပညာရှင်ကြီး ဖြစ်စေချင်သလား။ ကျနော် ဖန်တီးပေးလို့ ရပါတယ်။ ကျနော့်ကိုသာ ပတ်ဝန်းကျင်ကောင်းတခုသာ ပေးပါ” တဲ့။
ဒီစကားပြောခဲ့သူက စိတ်ပညာရှင်ကြီး “ပက်ပလော့” ပါ။ သူက ကလေးငယ်အတွက် ပတ်ဝန်းကျင်ကောင်း လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုဟာ ကလေးငယ်တွေအပေါ် သက်ရောက်မှု ကြီးမားနေတတ်ကြောင်းကို လက်တွေ့ ဆာဗေးဆင်းပြီး ဖော်ပြလေ့ရှိပါတယ်။
ပတ်ဝန်းကျင်ဆိုတာကလည်း အဆိုးအကောင်း နှစ်ဖြာ ရောယှက်နေတတ်ခြင်းကလည်း လောကနိယာမဆိုတော့ အကောင်းချည်းတော့ ဘယ်မှာရနိုင်ပါ့မလဲ။ ဒါကြောင့်လည်း အဆိုးကို ထိန်းကျောင်းဖို့ တခါတရံ ဥပဒေရဲ့ အဟန့်အတားရှိဖို့ လိုတာကလည်း အမှန်ပါပဲ။
အဆိုးကို ထိန်းကျောင်းတယ် ဆိုပေမယ့် စဉ်းစားချင့်ချိန်မှု ချို့တဲ့နေသေးတဲ့အတွက် သူ့ကို သီးခြားထားပြီး သက်သာခွင့် ပေးကြရပါတယ်။ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်ကိုလိုနီကာလ ၁၉၃၀ ပြည့်နှစ်မှာ ”Young Offenders Act” (အရွယ်မရောက်သေးဘဲ ပြစ်မှုကျူးလွန်သူများ အက်ဥပဒေ) ကို ပြဋ္ဌာန်းပြီး ကလေးသူငယ်တွေကို သက်သာခွင့်ပေးခဲ့ဖို့ ပြဋ္ဌာန်းခဲ့တာလည်း ရှိပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၅၅ ခုနှစ်မှာ သူ့ခေတ် သူ့ကာလနဲ့အညီ “ကလေးသူငယ် အက်ဥပဒေ” ဆိုပြီး ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်ထဲရောက်တော့ ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့အတူ ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာလည်း ကလေးသူငယ် အက်ဥပဒေကို အသစ်ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။
ဒီလိုတွေ ဥပဒေတွေကို အကြိမ်ကြိမ် ပြုပြင်ပြဋ္ဌာန်းခဲ့ပေမယ့် ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ် အတော်များများကတော့ ပြေလည်လျော့ပါးသွားခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ ဖြေရှင်းနိုင်မှု အတော်အားနည်းနေတာကို တွေ့ရပါတယ်။
ဘာကြောင့်လဲ။ ဥပဒေရဲ့လိုအပ်ချက်လား။ ဒါမှမဟုတ် အစိုးရပေါ်လစီ မခိုင်မာမှုကြောင့်လား ဆိုတာ စဉ်းစားစရာပါ။
ဒီလို အကြောင်းအချက် များစွာထဲမှာ ဥပဒေအရ ခေတ်နဲ့အညီ ပြင်ဆင် ဖြည့်စွက်သင့်တာတွေ ရှိနေတယ်လို့ ယူဆတဲ့အတွက်ကြောင့်လို့ပဲ ထင်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာပဲ “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း” အသစ်ကို ရေးဆွဲပြီး ပြည်သူအများ လေ့လာသုံးသပ် အကြံပြုနိုင်ဖို့ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
ဒီဥပဒေကြမ်းမှာတော့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးပိုင်းကိုပါ ထည့်သွင်း ရေးဆွဲထားတာ ဖြစ်တဲ့အတွက် အရင်က ပေါ်ထွက်ခဲ့တဲ့ ဥပဒေတွေထက် ပိုလို့ ပြည့်စုံမှုရှိတယ်လို့ ပညာရှင်အချို့ရဲ့ ထောက်ခံ ဝေဖန်တာတွေကိုလည်း မြင်တွေ့ရပါတယ်။
တကယ်တော့ ကလေးသူငယ်တွေအတွက် အလိုအပ်ဆုံးက ပညာပေးမှုအပိုင်းနဲ့ ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ဖို့ပါ။ နောက်တခုကတော့ အဆင်ပြေပြေနဲ့ မိသားစု ပတ်ဝန်းကျင် ဖန်တီးနိုင်ရေးကလည်း အထူးလိုအပ်ပါတယ်။
ဒါတွေဟာ စီးပွားရေးဘဝအပေါ် အခြေခံနေတယ်လို့ ဆိုရမှာပါ။ ကလေးငယ်တွေ လမ်းဘေးရောက် ဆိုးသွမ်းသွားရခြင်းထဲမှာ မိသားစု မပြေလည်တဲ့ စီးပွားဝန်းကျင်ရဲ့ သားကောင်တွေ ဖြစ်ကြရတာပါ။ ဒီအကြောင်းအချက်ကတော့ အလွယ်တကူ ကုစားလို့ မရနိုင်ဘူး။ နိုင်ငံတော် စီးပွားရေးအပေါ် မူတည်နေတော့ ကာလတခု ရှည်ကြာသွားနိုင်တယ်။
ဒါကို ကုစားဖို့အတွက် ကလေးသူငယ်တွေ အခွင့်အရေးဆိုင်ရာ ဥပဒေတွေကပဲ ဝန်းကျင်ကောင်းတခု ဖန်တီးတာမျိုးကို ဖြစ်သင့်တယ်လို့ ဆိုရမှာပါ။
ဒါကြောင့် ဒီတပတ် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်မှာ ”ကလေးသူငယ် ဥပဒေဆိုင်ရာ အခွင့်အရေး ဘယ်တော့လဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး တင်ဆက်ခဲ့ပါတယ်။
ဆွေးနွေးကြတဲ့ ပညာရှင်တွေကတော့ ဦးအောင်မျိုးမင်း (Equility Myanmar၊ ဒါရိုက်တာ)၊ ဦးထွန်းလှိုင် (တရားမျှတမှုစင်တာ) နဲ့ ဒေါ်သန္တာကျော် (Save The Children အကြံပေး) တို့ ဖြစ်ပါတယ်။
အစီအစဉ်တင်ဆက်သူ ဦးခင်သန်းက “၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေနဲ့ ၂၀၁၇ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတို့ ဘာတွေကွာခြားပါသလဲ” ဆိုတဲ့ အမေးကိုတော့ ဦးအောင်မျိုးမင်းက “၉၃ ခု ဥပဒေက အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်ပြီး ၂၀၁၇ ဥပဒေကတော့ အခွင့်အရေးကို ပိုမိုထည့်သွင်း ရေးဆွဲထားတယ်။ အခွင့်အရေးပိုင်းတွေ ပိုများလာတယ်။ ကလေးသူငယ် ညစ်ညမ်းကိစ္စရပ်များပါမကျန် ထည့်သွင်းထားတဲ့အတွက် ကဏ္ဍစုံလာတာကို တွေ့ရပါတယ်” လို့ ဖြေကြားသွားပါတယ်။
ဒေါ်သန္တာကျော်ကတော့ အမျိုးသားရန်ပုံငွေကို ဥပဒေမှာ ထည့်သွင်းထားပေမယ့် တိကျမှုမရှိဘူး။ ကလေးသူငယ် အခွင့်အရေးအတွက်ဆိုရင် ဘတ်ဂျက် လုံလောက်မှုရှိဖို့ လိုတယ်။
ဦးထွန်းလှိုင်ကတော့ ကလေးသူငယ် အသက်အပိုင်းအခြား ပြောင်းလဲခြင်းကြောင့်တော့ ပြစ်မှုကျူးလွန်မှု လျော့မသွားနိုင်ပါဘူး။ အားလုံး တပြေးညီ ပြောကြတာကတော့ ဥပဒေကြမ်းမှာ အကြမ်းဖက်မှုပိုင်းနဲ့ ပတ်သက်လို့ ဟာကွက်တချို့ ရှိနေကြောင်း၊ အခြား ဥပဒေနဲ့ ဆန့်ကျင်နေတာတွေရှိရင် ဒီဥပဒေအရသာ ဆုံးဖြတ်သင့်ကြောင်း၊ ဥပဒေကြမ်းမှာ ရှေ့နောက် မညီတာတွေ တွေ့ရကြောင်းတို့ကို ဖော်ပြပြီး အရင်က ပေါ်ထွက်ခဲ့တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေတွေထက် အခု ရေးဆွဲထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းက ပိုမိုကောင်းမွန် သင့်လျော်ကြောင်းကို ဆွေးနွေးသွားကြပါတယ်။
ဆွေးနွေးပွဲအပြီးမှာ စဉ်းစားမိတာကတော့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းဟာ ကလေးငယ်တွေအတွက် လုံလောက်တဲ့ ဥပဒေတရပ် ဖြစ်တယ်ဆိုတာ အသေအချာပါ။
ဒါပေမယ့် ဥပဒေတရပ် ပြဋ္ဌာန်းလိုက်ရုံနဲ့တော့ ကလေးသူငယ် ပြဿနာရပ်တွေဟာ လျော့ပါးသွားနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေဆိုတာ ထိန်းကျောင်းတဲ့သဘောထက် မပိုသင့်ပါဘူး။
တကယ်တမ်း ကလေးသူငယ်တွေရဲ့ ဘဝတွေနဲ့ စာရိတ္တ ပျိုးထောင်ခြင်းတွေကသာ အပြစ်ပြုလုပ်မှုကို လျှော့ချနိုင်မှာပါ။ ဒီလို စာရိတ္တပျိုးထောင်ဖို့ဆိုရင် သူ့အတွက် ပတ်ဝန်းကျင်ကောင်းတခု ဖန်တီးပေးနိုင်ခြင်းကသာ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မြင်ယူဆမိပါကြောင်း။
ထွန်းဇော်ဌေး