လက် ၂ ချောင်းထောင် ဓာတ်ပုံရိုက်ခဲ့သည့် သတင်းထောက်မိန်းကလေး အလုပ်ထုတ်ခံရ (ရုပ်သံ)
Published By
DVB | 17 November, 2017
2.8K
0
Share
0
Comment
0
Likes
ယာဉ်မတော်တဆမှုဖြစ်တဲ့နေရာမှာ သတင်းသွားယူချိန် လက် ၂ ချောင်းထောင်ကာ ပြုံးပြုံးရွှင်ရွှင် ဓာတ်ပုံအရိုက်ခံခဲ့တဲ့ သတင်းထောက်မိန်းကလေးဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက် အလုပ်က ထုတ်ပယ်ခံခဲ့ရပါတယ်။
လင်းဇီယင်လို့ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ တရုတ်နိုင်ငံ၊ ယင်ရှန်းဒေသ ရေဒီယိုနဲ့ ရုပ်မြင်သံကြား သတင်းဌာနမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တဦး ဖြစ်ပါတယ်။
ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ဓာတ်ပုံထဲမှာတော့ သူဟာ ထိခိုက်ပျက်စီးမှုတွေ နောက်ခံနဲ့ အခင်းဖြစ်နေရာ ရောက်နေတဲ့ ရဲဝန်ထမ်းတဦးနဲ့အတူ ပြုံးပြုံးရွှင်ရွှင် ရှိနေခဲ့ပြီး ငြိမ်းချမ်းရေးသင်္ကေတပုံ လက် ၂ ချောင်းထောင်ကာ သတင်းထောက်ကတ် မြှောက်ပြထားခဲ့တာကို တွေ့ရပါတယ်။
မတော်တဆမှုဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွီးခရိုင်၊ ဖူယန်းမြို့မှာ ဖြစ်ခဲ့ပြီး လူပေါင်း ၁၈ ယောက်လောက် သေဆုံးခဲ့ရချိန်မှာ သူ့ရဲ့ ခုလိုအပြုအမူအတွက် လူတွေက စိတ်ဆိုးဒေါသထွက်ကာ ဝေဖန်ခဲ့ကြတာပါ။
လင်းဇီယင်ကတော့ ဒါဟာ အခင်းဖြစ်တဲ့နေရာမှာ တွေ့ရတဲ့ သူ့ပရိတ်သတ်တဦးက ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုတဲ့အတွက် ရိုက်ပေးခဲ့ရတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒါပေမယ့် တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ သူ့ကို စာနာမှုမရှိတဲ့သူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး အရေးယူလိုက်ဖို့ တောင်းဆိုခဲ့ကြတာပါ။
လင်းဇီယင်က အချိန် ၁၀ စက္ကန့်စာ ရုပ်သံဗွီဒီယိုဖိုင်တခုကို မျှဝေခဲ့ပြီး “ဒီကနေ့ ဖြစ်ခဲ့ရတဲ့ ကိစ္စအတွက် ကျမ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ တကယ် စိတ်မကောင်းဖြစ်မိပါတယ်ရှင်” လို့ ပြောခဲ့တာပါ။
ဒါပေမယ့် သတင်းတွေရဲ့ အဆိုအရ သူ့ကို ခုလို ဝေဖန်မှုတွေ မြင့်တက်လာခဲ့အပြီးမှာ အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။