နိုင်ငံရေး ဆွေးနွေးမှုမူဘောင်များ ချမှတ်ရန် တွေ့ဆုံဆွေးနွေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 17, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အတွင်းရေးမှူး အလုပ်အဖွဲ့ အစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ဒီကနေ့ ကျင်းပပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ကိုယ်စားလှယ် ဖဒိုစောကွယ်ထူးဝင်းက အခု အစည်းအဝေးကနေ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်မယ်လို့ ပြောပါတယ်။
"ဒီနေ့ အစည်းအဝေးဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းညွှန်မှုဘောင် SOP တွေ ရေးဆွဲချမှတ်နိုင်ဖို့အတွက် လုပ်တဲ့အစည်းအဝေး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်တခု ချမှတ်ဖို့ ဆွေးနွေးပေးကြပါ"
အန်စီအေ တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အခန်း ၇ ခန်းနဲ့ ရေးဆွဲထားကာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ထဲမှာတော့ အခန်း ၉ ခန်းနဲ့ ရေးဆွဲထားပြီး အဲဒီထဲက အဓိကကျတဲ့ အပိုင်းတွေမှာ တိတိကျကျ ဆုံးဖြတ်ချက် မချနိုင်သေးတာတွေ တွေ့ရတယ်လို့ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ဦးမြင့်စိုးက ပြောပါတယ်။
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ အစိုးရ လွှတ်တော် တပ်မတော် ရှိတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ရှိတယ်။ ဒါတွေက ပူးပေါင်းပြီး ဆွေးနွေးတဲ့ အနေအထားမှာ အငြင်းပွားစရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်လည်း ဒါနဲ့ပတ်သက်ပြီးတော့ ပြန်လည်သုံးသပ်ဖို့ သဘောတူညီတာနဲ့အညီ ကျနော်တို့အနေနဲ့လည်း ဒါကို ပြန်လည်သုံးသပ်ပြီးတော့ ပြင်ဆင်သင့်တာတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။"
ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။