Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး
DVB
·
November 17, 2017
ရခိုင်ပြည်နယ်အရေးနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုကိုနိုတို့ နိုဝင်ဘာ ၁၆ ရက် ညနေက တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ညနေ ၄ နာရီက ၁၀ မိနစ်ကြာ တယ်လီဖုန်းနဲ့ ဆွေးနွေးပြောဆိုခဲ့ရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုဟာ အထူးအရေးပါ အဓိပ္ပါယ်ရှိခဲ့ပါတယ်လို့ ဂျပန်ဝန်ကြီးက ဦးစွာပြောကြားခဲ့ပါတယ်။
ဒ့ါအပြင် ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်နေကာ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ချက်တွေကို အစွမ်းကုန် ပံ့ပိုးကူညီပေးမယ်လို့ ပြောကြားခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရှေ့အပတ်မှာကျင်းပမယ့် ASEM အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြသမယ်လို့ ဆိုပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်ရာမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေကို တခုချင်းခွဲခြားပြီး တိုးတက်အောင် ဆောင်ရွက်စေချင်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးစဉ် ယန်းငွေ ၁၁၇ ဘီလီယံ ထောက်ပံ့ကူညီပေးရန် ကမ်းလှမ်းခဲ့ပါတယ်။